
အာဖရိက၏ ထိပ်တန်းလေကြောင်းလိုင်းဖြစ်သည့် Ethiopian Airlines သည် ဇူလိုင်လ ၇ ရက်နေ့တွင် ကုန်ဆုံးသည့် 2024/2025 ဘဏ္ဍာနှစ်တွင် ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ ရရှိခဲ့ကြောင်း သြဂုတ်လ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Ethiopian Airlines ၏ အမှုဆောင် အရာရှိချုပ် Mesfin Tasew က ဝင်ငွေသည် ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်း တိုးလာကြောင်း ပြောကြားခဲ့သည်။ စီအီးအို၏ အဆိုအရ၊ နိုင်ငံတကာခရီးသည် ၁၅.၂ သန်းနှင့် ပြည်တွင်းခရီးသည် ၃.၉ သန်းတို့ ပါဝင်သော ခရီးသည် ၁၉.၁ သန်းကို သယ်ယူပို့ဆောင်ခြင်းဖြင့် ဝင်ငွေများရရှိခဲ့ပြီး ကုန်စည်တန်ချိန် ၇၈၅,၀၀၀ ခန့် တင်ဆောင်နိုင်ခဲ့သည်။ လေကြောင်းလိုင်း သည် ယခုနှစ်အတွင်း နိုင်ငံတကာခရီးသည်ဝန်ဆောင်မှုခြောက်ခုကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လေကြောင်းလိုင်း၏ကွန်ရက်သည် နိုင်ငံတကာခရီးနေရာ ၁၄၅ ခုအထိ တိုးချဲ့သွားခဲ့ကြောင်း CEO က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်း၏ တိုးတက်မှုနှင့် အမြတ်အစွန်းကို မြှင့်တင်ရန ်အတွက် ခရီးသည်တင် လေယာဉ်အသစ် ၁၃ စင်းကိုလည်း စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံပိုင် လေကြောင်းလိုင်းသည် ခရီးသည်ဦးရေ တိုးလာနေမှုကို လိုက်လျော ညီထွေဖြစ်စေရန်အတွက် ၂၀၂၆ ခုနှစ်တွင် လေယာဉ် အစင်း ၂၀ ကို ထပ်မံထည့်သွင်းရန် စီစဉ် ထားကြောင်း CEO က ထုတ်ဖော်ပြောကြားခဲ့သည်။ အီသီယိုးပီးယားလေကြောင်းလိုင်းအတွက် အဓိကအချက်အချာဖြစ်သည့် Addis Ababa Bole အပြည်ပြည်ဆိုင်ရာလေဆိပ်သည် တစ်နှစ ်လျှင် ခရီးသည် ၂၅ သန်းကို မကြာမီ ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း မီးမောင်းထိုး ပြရင်း လေကြောင်းလိုင်းသည် တိုးပွားလာနေသော ခရီးသည်များကို ကိုင်တွယ်ရန်အတွက် Addis Ababa အရှေ့တောင်ဘက် ၄၅ ကီလိုမီတာအကွာတွင် ကြီးမားသောလေဆိပ်စီမံကိန်းကို တည်ဆောက် နေသည်ဟု Tasew မှ ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)