
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြင်းခြံမြို့ စံပြဈေး၌ စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည် များနှင့်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း များကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါကွင်းဆင်းရာတွင် ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်းများ သည် မြင်းခြံမြို့၊ စံပြဈေးရှိ လပြည့် (ဒေါ်ယဉ်ယဉ်နု) စတိုးနှင့်ကုန်မျိုးစုံအရောင်းဆိုင်အား အသင့်စားမုန့် အမျိုးမျိုးရောင်းချမှုကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်း အဖွဲ့ဝင်များသည် ရောင်းချသောကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းများ နှင့်ကိုက်ညီသော ကုန်စည်များသာရောင်းချစေရေး၊ မြန်မာဘာသာ ဖြင့် ဖော်ပြထားသော ကုန်စည်များရောင်းချ စေရေးတို့အတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ခေါက်ဆွဲခြောက်အထုပ်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံ စိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)