
ပန်းအိပင်သည် ရနံ့မကြွယ်သော ပန်းပွင့်သည့် ပန်းအလှပင် ချုံပင်ကြီးမျိုးဖြစ်သည်။ ယခုလို မိုးရာသီတွင် ပန်းအိပန်းများ အဆုပ်လိုက်အခိုင်လိုက် အပွင့်များ အူနေအောင် ပွင့်သောပန်းဖြစ်သည်။ ရနံ့မကြွယ်ပေမယ့်လည်း အနည်းငယ်ရနံ့သင်းသင်းတော့ ရှိပါသည်။ ပန်းပွင့်များ၏ ပွင့်ချပ်တို့သည် ဆပ်တွန့်ကဲ့သို့ အတွန့်တွန့်ကလေးများဖြင့် နုနယ်ပါသည်။ အပူပိုင်းဒေသများတွင် အောင်မြင်ဖြစ်ထွန်းနိုင်သော နှစ်ရှည်ပင်ဖြစ်သည်။ ပန်းအိပင်ကို ပန်းဥယျာဉ်များ အိမ်ခြံဝင်း ၊ ဘုရားကျောင်းကန်များတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိသည်။ အပင်ရင့်သွားလျှင် အပွင့်နဲ့တက်၍ များများပွင့်ရန် အပွင့်တုံးပြီး နောက်ပိုင်းအကိုင်းအခက်များကို ခုတ်ပေးရသည်။ မိုးဦးကျကာလ အညွှန့်အတက်အသစ်များထွက်လာပြီး အပွင့်များ အူခဲနေအောင် ပွင့်တတ်ပါသည်။ ပန်းအိပန်းပင်များမှာလည်း သပြေဘူတ၊ ပန်းစက္ကူပန်းများကဲ့သို့ ပင်လုံးကျွတ်အများကြီးပွင့်တတ်ပါသည်။ ပန်းအိပန်းရောင်စုံရှိပြီး ပန်းရောင်၊ အဖြူရောင် ၊အနီရောင်၊ခရမ်းရောင်၊ မရမ်းရောင် စသည်ဖြင့် အရောင်မျိုးစုံရှိပြီး ရောင်းအားအသင့်တင့်ရှိသော ပန်းပင်များဖြစ်သည်။ ပန်းကလေးတွေက သူတို့ရဲ့ အရောင်အဆင်းပေါ် မူတည်၍ လည်း ဂုဏ်တင့်စေသည်။ ပန်းရောင်အိပန်းလေးတွေက နူးညံ့သိမ်မွေ့ခြင်း၊နှစ်လိုဖွယ်ကောင်းခြင်း၊ ချစ်ဖို့ကောင်းခြင်း ကို ဆောင်ကြဉ်းပါသည်။ ပန်းရောင်၏ သဘောသည် စိတ်ကိုနူးညံ့စေပြီး ဒေါသပြေလျော့စေသည်။ အဖြူရောင်ပန်းကလေးများသည် သန့်ရှင်းမှု၊ တည်ငြိမ်မှု၊ သဘောထားဖြူစင်မှုကို ကိုယ်စားပြုသည်။ ပန်းအိပန်းကလေးများသည် ရောင်စုံချစ်ပန်းကလေးများဖြစ်သည့်အတွက်ကြောင့်လည်း စိုက်ပျိုးသင့်သော ပန်းပင်ဖြစ်သည်။ ပန်းအိပျိုးပင်တစ်ပင်လျှင် အရောင်နှင့်အပင် အရွယ်အစားပေါ်မူတည်၍ (၃၀၀၀/၅၀၀၀/၈၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)