ပြည်တွင်းဈေးကွက်သို့ စားအုန်းဆီတိုးမြှင့်ရောင်းချရန် ထုတ်သူလုပ်များအား အင်ဒိုနီးရှားအစိုးရ တွန်းအားပေး

Powered by Drupal

     အင်ဒိုနီးရှားပြည်တွင်း၌ ဈေးနှုန်းများ လျော့ကျစေရေးအတွက် ပြည်တွင်းဈေးကွက်သို့ စားအုန်းဆီ ရောင်းချမှု အစီအစဉ် (Domestic Market Obligation-DMO) အရ ပျမ်းမျှဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိသည့်ပမာဏကို တိုးမြှင့်ရန် စားအုန်းဆီထုတ်လုပ်သူများအား ကုန်သွယ်မှု အာဏာပိုင်များက တွန်းအားပေးလျက်ရှိသည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးရေးဌာနမှ ဒါရိုက်တာ Mr. Nawandaru Dwi Putra က ဩဂုတ်လ ၁၁ ရက် (တနင်္လာနေ့) တွင် ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနအရ သိရပါသည်။

    ကမ္ဘာ့စားအုန်းဆီ အများဆုံးတင်ပို့သည့် အင်ဒိုနီးရှားမှ ထုတ်လုပ်သူများသည် ပို့ကုန်ပါမစ် ရရှိရန်အတွက် ၎င်းတို့၏စားအုန်းဆီကို ပြည်တွင်း၌ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးသည့် အစီအစဉ်ကို လိုက်နာကြရသည်။ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီဈေးနှုန်းများကို ထိန်းချုပ် ရန် ရည်ရွယ်လျက် ရက်သတ္တသုံးပတ်ကြာ စားအုန်းဆီတင်ပို့မှုပိတ်ပင်ခြင်းကို အင်ဒိုနီးရှားအစိုးရ က လုပ်ဆောင်ခဲ့ရာ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်ကို တုန်လှုပ်စေခဲ့သည်။ ယင်းနောက်ပိုင်း တွင် ပြည်တွင်းစျေးနှုန်းများကို စီမံခန့်ခွဲရန်အတွက် DMO အစီအစဉ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

    DMO အစီအစဉ်အရ ယခုနှစ် နှစ်ကုန်အထိ တစ်လလျှင် စားအုန်းဆီ တန်ချိန် ၁၇၅,၀၀၀ ရောင်းချမှုကို ထိန်းသိမ်းထားရန် လွန်ခဲ့သည့် ရက်သတ္တပတ်၌ စားအုန်းဆီထုတ်လုပ်သူများသို့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်ဟု Mr. Nawandaru က ဩဂုတ် လ ၁၁ ရက်နေ့တွင် ဝန်ကြီးဌာနများအဆင့် အစည်းအဝေးတစ်ရပ်တွင် ပြောကြားခဲ့သည်။

   DMO အစီအစဉ်အရ ဧပြီလမှ ဇွန်လအတွင်း စားအုန်းဆီရောင်းချမှုမှာ တစ်လလျှင် ပျမ်းမျှ တန်ချိန် ၁၅၇,၅၀၀ အောက်သာရှိသော်လည်း ဇူလိုင်လတွင် ၂၀၄,၅၅၉ တန်အထိ ရောင်းချပေးမှု တိုးတက်လာခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

    DMO အစီအစဉ်သည် ပို့ကုန်တင်ပို့မှုများနှင့် နိုင်ငံတကာဈေးကွက်အတွင်း စားအုန်းဆီ ကြမ်းစျေးနှုန်းများနှင့် များစွာဆက်စပ်နေသည်ဟု သိရှိနားလည်ထားပါကြောင်း၊ သို့သော် စားအုန်း ဆီ ထုတ်လုပ်သူအားလုံးအနေဖြင့် ပြည်တွင်း၌ စားအုန်းဆီပေးသွင်းမှု လုံလောက်မှုရှိစေရေး သေချာခိုင်မာမှုရှိစေရန် ၎င်းအစီအစဉ်၌ တန်ချိန် ၁၇၅,၀၀၀ အထိ ရောင်းချပေးရမည် ဆိုသည်ကို အမှန်တကယ် သိရှိနားလည်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အစိုးရအနေဖြင့် DMO အစီအစဉ်တွင် ထည့်သွင်းထားသော "Minyakita" အမှတ်တံဆိပ်ဖြင့် ရောင်းချသည့် ဟင်းချက်ဆီစျေးနှုန်းကို လျှော့ချလိုကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ယင်းအမှတ်တံဆိပ်ဖြင့် ရောင်းချသည့် စားအုန်းဆီ တစ်လီတာ၏ဈေးနှုန်းသည် သတ်မှတ်ထားသည့် အမြင့်ဆုံးနှုန်းထား အင်ဒိုနီးရှားရူပီးယား ၁၅,၇၀၀ (အမေရိကန်ဒေါ်လာ ၀.၉၇ သို့မဟုတ် မလေးရှားရင်းဂစ် ၄.၀၉) ၏ အထက်၌ ရောက်ရှိနေခဲ့ကြောင်းနှင့် ဩဂုတ် ၁၁ ရက်နေ့တွင် တစ်လီတာလျှင် ရူပီးယား ၁၆,၆၉၉ အထိမြင့်တက်ခဲ့ကြောင်း Mr. Nawandaru က ပြောကြားခဲ့ပါသည်။

    စားအုန်းဆီထုတ်လုပ်သူများ အနေဖြင့် အဆိုပါ DMO အစီအစဉ်အရ ရောင်းချရမည့် ပမာဏကို ပြည့်မီအောင်ဆောင်ရွက်ခြင်းမရှိခဲ့ပါက မည်ကဲ့သို့အရေးယူခံရမည်ဆိုသည်နှင့် အချက် ပတ်သက်၍ မေးမြန်းမှုအပေါ် အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏  ပြောရေးဆိုခွင့်ရှိသူက တစ်စုံတစ်ရာမှတ်ချက်ပြု ဖြေကြားခြင်း မရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 11 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)