မိတ္ထီလာမြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၂  ရက်နေ့ (၁၃း၀၀)အချိန်တွင် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ မိတ္ထီလာမြို့နယ်အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်(၁၀)ဦးနှင့်တွေ့ဆုံ၍ စာသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

          စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်း အချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေး ဥပ‌‌ဒေပြဌာန်းချက် များကို လိုက်နာပြီးထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်‌ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၅)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုအကြောင်း၊ အခန်း(၁၇)ပါ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှအချက်များအကြောင်း၊ အခန်း(၁၉) ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းများ၊ တားမြစ်ချက်ပြစ်မှုပြစ် ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေး‌နွေးခဲ့ပါသည်။  

          ဆက်လက်၍ စားသုံးဆီရောင်းဝယ်‌ရေးလုပ်ငန်းရှင် အရောင်းဆိုင်များအနေဖြင့် မြို့နယ်အတွင်း သတ်မှတ်ထားသော စျေးနှုန်းအတိုင်းရောင်းချ‌ရေး၊ စားသုံးဆီအရည်အသွေးနှင့် အလေးအချိန်အတွယ် ပြည့်ဝမှန်ကန်မှုရှိစေရေး ဟောပြောဆွေးနွေးခဲ့ပြီး၊   ကုန်စည်များထုတ်လုပ်ရောင်းချရာ၌  ကုန်အညွှန်း အမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင် ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် စာသုံးသူများဖြစ်ကြောင်း ၊ စာသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေး ပြောကြားခဲ့ပြီး၊ စားသုံးဆီလုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)