
၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမက်လုံးများအတွက် လျှောက်ထားချက်များမှာ စံချိန်တင် ဘတ် ၁.၀၆ ထရီလီယံဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BoI) က ပြောကြားခဲ့ပါသည်။ ဒေတာစင်တာစီးပွားရေးလုပ်ငန်းတစ်ခုတည်းပင် စီမံကိန်း ၂၈ ခုမှ ဘတ် ၅၂၁.၂ ဘီလီယံ တန်ဖိုးကိုဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ Amazon Web Services နှင့် Google အစရှိသည့် Hyperscalers နှင့် Tik Tok အစရှိသည့် ပလက်ဖောင်းများသည် ထိုင်းနိုင်ငံ နှင့် ဒေသတွင်းတွင် တိုးချဲ့ရန်အစီအစဉ်များကို ကြေညာခဲ့ပါသည်။ ဒစ်ဂျစ်တယ်ကဏ္ဍ၏အခြား ကဏ္ဍများတွင် cloud ဝန်ဆောင်မှုများမှ ဘတ် ၆၇၁ သန်းတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု လျှောက်ထားချက် ၂ ခုနှင့် ဆော့ဖ်ဝဲနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များမှ ဘတ် ၆၆၉ သန်းတန်ဖိုးရှိသော လျှောက်ထားချက် ၅၉ ခုတို့ပါဝင်ကြောင်း သိရပါသည်။ BoI ၏အတွင်းရေးမှူးချုပ် Narit Therdsteerasukdi က ၎င်းတို့၏မဟာဗျူဟာမှာ နည်းပညာမြင့်နှင့် တန်ဖိုးမြင့်ကဏ္ဍများဖြစ်သောကြောင့် လွန်ခဲ့သည့် ၆ လကျော်အတွင်း လျှောက်ထားချက်များမှာ အတည်ပြုပြီးပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အီလတ်ထရောနစ်နှင့် လျှပ်စစ်ကဏ္ဍမှာ တန်ဖိုးရရှိမှုတွင် ဒုတိယနေရာတွင် ရပ်တည်နေပြီး ဘတ် ၁၂၅.၇ ဘီလီယံတန်ဖိုးရှိသော လျှောက်ထားချက် ၂၆၈ ခု ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့တွင် ဘက်ထရီဆဲလ်များ၊ high-density ဘက်ထရီများ၊ supercapacitor များ၊ စမတ်လျှပ်စစ်ပစ္စည်းများ၊ စမတ်အီလတ်ထရောနစ်ပစ္စည်းများနှင့် printed circuit board များထုတ်လုပ်ခြင်းတို့ပါဝင်ကြောင်း သိရပါသည်။ မော်တော်ကားနှင့် ကားအစိတ်အပိုင်းကဏ္ဍမှ ဘတ် ၄၅.၂ ဘီလီယံတန်ဖိုးရှိသော လျှောက်ထားချက် ၁၇၂ ခုရရှိခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ၏ ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းအတွက် လျှောက်ထားချက် ၁၈၈၀ ခုရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ BoI ၏အဆိုအရ ယခုနှစ်၏ပထမနှစ်ဝက်တွင် ဘတ် ၇၃၇.၅ ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက်လျှောက်ထားချက် ၁၃၆၉ ခုရရှိခဲ့ကြောင်း သိရပါသည်။ စင်ကာပူ သည် ဘတ် ၂၄၆.၉ ဘီလီယံဖြင့် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၎င်း၏နောက်တွင် ဟောင်ကောင်က ဘတ် ၂၁၈.၆ ဘီလီယံနှင့် တရုတ်က ဘတ် ၁၀၂.၂ ဘီလီယံအသီးသီးဖြင့် ရပ်တည်နေကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
Bangkok Post