
ကမ္ဘာ့အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီဖြစ်သော I Squared Capital သည် ဖိလစ်ပိုင်နိုင်ငံ၌ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦ စီမံ ကိန်းများတွင် ထပ်ဆောင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးရာဆိုင်ရာ အထူးလက်ထောက် အကြံပေးရုံး (OSAPIEA) ၏ အဆိုအရ သိရပါသည်။ ဇူလိုင်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်သော ထုတ်ပြန်ချက်အရ OSAPIEA က I Squared Capital ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် ၎င်း၏ ထပ်ဆောင်းရင်းနှီးမြှုပ်နှံမှုအတွက် သမ္မတ Marcos နှင့်အတူ အဆင့်မြင့် အစည်းအဝေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံရှိ လုပ်ငန်းများတွင် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့သော I Squared Capital ကုမ္ပဏီသည် စွမ်းအင် ရွေ့ပြောင်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း နှင့် ထောက်ပံ့ပို့ဆောင်းခြင်း နှင့် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦများကဲ့သို့ အဆင့်မြင့် စီမံကိန်းများတွင် ထပ်မံရင်းနှီးမြှုပ်နှံရန်စီစဥ်ထားကြောင်း သိရပါသည်။ I Squared Capital ကဲ့သို့ ကမ္ဘာ့မိတ်ဖက် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ သည် အင်ဒို-ပိစိဖိတ်၌ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုများတွင် ဦးဆောင်ရပ်တည်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့၏ လူနေအိမ်များနှင့် လုပ်ငန်းများအတွက် စွမ်းအင်ပို့ဆောင်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများသည် ဖိလစ်ပိုင်နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းနှင့် အနာဂတ်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း I Squared Capital ၏ ဥက္ကဌ၊ Sadek Wahba က ပြောကြားခဲ့ပါသည်။ အဆိုပါကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက် အကူပြုစေမည့် လုပ်ငန်း ၇ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပါသည်။ I Squared Capital ၏ ရုံးချုပ်သည် Miami တွင်အခြေစိုက်ပြီး အခြေအခံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများအတွက် အရေးပါသော ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုများ ပေး ဆောင်လျက်ရှိကြောင်း သိရပါသည်။
DOCA(ရန်ကုန်)