
ထိုင်းနှင့်တရုတ်နိုင်ငံတို့သည် တတိယနိုင်ငံ သစ်သီးဝလံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက် (Third Country Fruit Transport Protocol) အောက်တွင် ပို့ကုန်သွင်းကုန် စစ်ဆေးရေးဂိတ်အသစ် ၅ ခု ဖွင့်လှစ်ရန် အရေးပါသော သဘောတူညီမှုတစ်ရပ်ကို ရယူခဲ့ကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်အာဏာ သက်ရောက်မည့် အဆိုပါ သဘောတူညီချက်သည် သယ်ယူပို့ဆောင်မှုစရိတ်များ လျှော့ချနိုင်ရန်၊ လက်ရှိစစ်ဆေးရေးဂိတ်များတွင် ဝန်ထုပ်ဝန်ပိုးဖြစ် နေမှုကို သက်သာစေရန်နှင့် ထိုင်းသစ်သီးဝလံများကို တရုတ်နိုင်ငံ၏ ပြည်နယ်များသို့ မြန်မြန် ဆန်ဆန် ဖြန့်ဖြူးနိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Artthakorn Sirilatthayakorn က နှစ်နိုင်ငံ အနေ ဖြင့် တတိယနိုင်ငံများမှတစ်ဆင့် ဖြတ်သန်း၍ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရာတွင် ကူးစက် ရောဂါကာကွယ်ရေးနှင့် စစ်ဆေးရေး အစီအမံများ ပါဝင်သည့် သဘောတူညီချက်၏ နောက် ဆက်တွဲအပိုဒ်များကို အဆင့်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် စိုက်ပျိုးရေးထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးကို ပိုမိုချောမွေ့စေ ရန်နှင့် ဈေးကွက်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်စွာ ရရှိစေရန် ရည်ရွယ်သည်။
ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနသည် အမျိုးသားစိုက်ပျိုးထုတ်ကုန်နှင့် အစားအသောက် စံချိန်စံညွှန်းများဗျူရို (ACFS)မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးဌာန (GACC) နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် ခဲ့ရာ စစ်ဆေးရေးဂိတ်အသစ် ၅ ခု ထပ်မံဖွင့်လှစ်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းဘက် မှ ဖွင့်လှစ်မည့် စစ်ဆေးရေးဂိတ် ၃ ခုမှာ Nan ပြည်နယ်၌ Thung Chang စစ်ဆေးရေးဂိတ်၊ Phayao ပြည်နယ်တွင် Ban Huak စစ်ဆေးရေးဂိတ်နှင့် Uttaradit ပြည်နယ်၌ Phu Du စစ်ဆေး ရေးဂိတ်တို့ဖြစ်ကြောင်း၊ တရုတ်ဘက်မှ ယူနန်ပြည်နယ်တွင် Mengkang နှင့် Taluo ဟူ၍ စစ်ဆေး ရေးဂိတ် ၂ ခုကို ထပ်တိုးသွားမည်ဖြစ်ကြောင်း၊ လတ်ဆတ်သော သစ်သီးဝလံများ တင်ပို့ရန် အတွက် စစ်ဆေးရေးဂိတ်စုစုပေါင်းမှာ ထိုင်းနိုင်ငံတွင် ၉ ခုနှင့် တရုတ်နိုင်ငံ၌ ၁၂ ခုအထိ ရှိလာ မည်ဖြစ်ကြောင်း သိရှိရသည်။
Mr. Artthakorn က စစ်ဆေးရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်ခြင်းသည် အရေးပါသော တိုးတက် မှုတစ်ရပ်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်များ ဖန်တီးပေးခြင်းဖြင့် လယ်သမား များနှင့် လုပ်ငန်းရှင်များအတွက် သယ်ယူပို့ဆောင်မှုစရိတ်လျှော့ချနိုင်ရန်၊ သစ်သီးရာသီချိန်ကာလ များတွင် ဝန်ထုပ်ဝန်ပိုးလျှော့ချနိုင်ရန်နှင့် ထိုင်းသစ်သီးများကို တရုတ်နိုင်ငံ၏ ပြည်နယ်အသီးသီး သို့ မြန်မြန်ဆန်ဆန် ဖြန့်ဖြူးနိုင်ရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်းတို့သည် ထိုင်းသစ်သီး ဝလံများ၏ တရုတ်ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။
ACFS ၏ အထွေထွေအတွင်းရေးမှူး Chaiwat Yothakol က သဘောတူညီချက်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနနှင့် GACC တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် တတိယနိုင်ငံများမှတစ်ဆင့် သစ်သီးဝလံများ သယ်ယူပို့ဆောင်ရာတွင် လမ်းကြောင်းကန့်သတ် ချက်မရှိဘဲ ပို့ဆောင်ခွင့်ပြုထားပြီး နှစ်နိုင်ငံသဘောတူညီပါက စစ်ဆေးဂိတ်အသစ်များ ထပ်မံဖွင့် လှစ်နိုင်ကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိကသစ်သီးဝလံဈေးကွက်နှင့် အဓိကစိုက်ပျိုးရေး ပို့ ကုန်များ တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ဖြစ်တည်နေမှုနှင့်အတူ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သောသစ်သီးဝလံများကို တင်ပို့မှုများသည် ဘတ် ၁၈၀ ဘီလီယံထက် ကျော်လွန်သွားမည်ဟု မျှော်မှန်းထားကြောင်း၊ စစ်ဆေးရေးဂိတ်အသစ် ၅ ခု ထပ်မံဖွင့်လှစ်ခြင်း သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ထိုင်းစိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုတန်ဖိုးမြင့်တက်လာပြီး ဈေးကွက်ပိုမိုရရှိလာ မည်ဖြစ်ကြောင်း သိရှိရသည်။
Source: The Nation Thailand, August 14, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)