
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရက ဆန်တန်ချိန် ၅၀၀,၀၀၀ ကို အကောက်ခွန်ကင်းလွတ် သက်သာခွင့်ဖြင့် တင်သွင်းခွင့်ပြုခဲ့မှုနှင့်အတူ အမြတ်အစွန်းများပြားသော ယင်းဈေးကွက်သို့ ဆန် တင်ပို့နိုင်ရေး ကုန်သည်ကြီးများက လုပ်ကိုင်ဆောင်ရွက်လာကြသဖြင့် အိန္ဒိယပြည်တွင်း ဆန်ဈေး သည် ပြီးခဲ့သည့် နှစ်ရက်အတွင်း ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြည်တွင်း ဝယ်လိုအားနှင့် ရောင်းလိုအားမှာ ယာယီမညီမျှမှုကို ဖြစ်ပေါ်စေလျက်ရှိကြောင်း Economic Times သတင်းဌာန က ဩဂုတ် ၁၄ ရက်နေ့၌ ဖော်ပြပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သည့်အခွန် ၂၀ ရာခိုင်နှုန်းကို ယာယီဖယ်ရှားရန် စီစဉ်နေသည်ဟု ကြိုတင်၍သတင်းများရရှိခဲ့သဖြင့် အနောက်ဘင်ဂယ်ပြည် နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား Petrapole နယ်စပ်ဒေသရှိ ၎င်းတို့၏ သိုလှောင်ရုံများတွင် ဆန်များ အရန်သင့်သိုလှောင်ထားခြင်းကို လုပ်ဆောင်ခဲ့ကြသည်ဟု အနောက်ဘင်ဂယ်ပြည်နယ်၊ ဥတာပရာဒေ့ရှ်ပြည်နယ်နှင့် အိန္ဒိယတောင်ပိုင်းမှ ကုန်သည်များက ပြောဆိုခဲ့ကြသည်။ ဆန်သွင်း ကုန်အခွန် ယာယီဖယ်ရှားကြောင်း တရားဝင်ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဩဂုတ် ၁၃ ရက်နေ့မှသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယပြည်တွင်း လက်လီအရောင်းဈေးကွက်၌ ဆန် ၁ ကီလိုဂရမ်လျှင် Swarna ဆန် အမျိုးအစားသည် ၃၄ ရူပီးနှုန်းရှိရာမှ ၃၉ ရူပီးသို့လည်းကောင်း၊ Miniket ဆန် အမျိုးအစားသည် ၄၉ ရူပီးနှုန်းမှ ၅၅ ရူပီးနှုန်းသို့လည်းကောင်း၊ Ratna ဆန်သည် ယခင်က ၃၆-၃၇ ရူပီးနှုန်းရှိရာမှ ယခု ရူပီး ၄၁-၄၂ ဖြင့်လည်းကောင်း၊ Sona Masoori ဆန်သည် ၅၂ ရူပီးနှုန်းရှိရာမှ ၅၆ ရူပီးသို့ လည်း ကောင်း အသီးသီး ဈေးနှုန်းများ မြင့်တက်ခဲ့သည်။ Swarna ဆန်သည် အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် စားသုံးမှုရှိသော ဆန်အမျိုးအစားဖြစ်ပြီး Miniket ဆန်မျိုးမှာမူ နိုင်ငံအရှေ့ပိုင်းနှင့် အရှေ့မြောက် ပြည်နယ်များတွင် ရေပန်းစားမှုရှိသည်။ Ratna ဆန်မျိုးစိတ်သည် အိန္ဒိယမြောက်ပိုင်း၌ ကျော်ကြား မှုရှိပြီး Sona Masoori ဆန်သည် တောင်ပိုင်းပြည်နယ်များတွင် အများဆုံးစားသုံးကြသော ဆန် အမျိုးအစား ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားအခွန်များ ကြီးကြပ်မှု အာဏာပိုင်အဖွဲ့က ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုကြောင်း ဩဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် ကြေညာခဲ့ အပြီး ၎င်းနေ့ရက် ညပိုင်းမှစတင်၍ အိန္ဒိယဘက်မှ ဆန်တင်မော်တော်ယာဉ်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာခဲ့ကြကြောင်း၊ Petrapole-Benapole နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့ခြင်း သည် ကုန်စည်ပို့ဆောင်မှုနှင့် စရိတ်စကအရ ပိုမိုယှဉ်ပြိုင်နိုင်သဖြင့် ဥတာပရာဒေ့ရှ်ပြည်နယ်နှင့် အိန္ဒိယတောင်ပိုင်းမှ ဆန်စက်လုပ်ငန်းရှင်များသည် ကုန်လမ်းမှတင်ပို့မှုကို လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း RiceVilla ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Suraj Agarwal က ပြောကြားခဲ့သည်။
ဆန်တင်သွင်းမှုအခွန် ၂၀ ရာခိုင်နှုန်းကို ဖယ်ရှားရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ လုပ်ဆောင် ချက်သည် ပြည်တွင်းစျေးကွက် တည်ငြိမ်စေရေးနှင့် စားသုံးသူများအား မြင့်မားလျက်ရှိသော ငွေကြေးဖောင်းပွမှုမှ သက်သာရာရစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ဆန်တန်ချိန် ၁၃ သိန်းခန့် တင်သွင်းရန် လိုအပ်နေခဲ့ချိန်တွင် ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆန်ဈေးနှုန်းများသည် ၁၆ ရာခိုင်နှုန်းအထိ မြင့် တက်ခဲ့ခြင်းဖြစ်သည်။
ဆန်တင်ပို့ရောင်းချသည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Halder Venture Limited မှ မန်နေဂျင်း ဒါရိုက်တာ Keshab Kumar Halder က တစ်ကမ္ဘာလုံးတွင် ဆန်ရောင်းလိုအားသည် ပိုလျှံမှုရှိ ကြောင်း၊ အိန္ဒိယနိုင်ငံ၌ အစိုးရနှင့် ပုဂ္ဂလိကသိုလှောင်ရုံများ လက်ဝယ်တွင် ဆန်အမြောက်အမြား ကို ကောင်းမွန်စွာ သိုလှောင်ထားကြောင်း၊ ဤအခြေအနေက ကမ္ဘာ့ဆန်ဈေးနှုန်းများကို ကျဆင်း စေခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ ပို့ကုန်အမှာစာများသည် ဝယ်လိုအားဖန်တီးပေးပြီး ကမ္ဘာ့ဆန်ဈေး ကျဆင်းနေမှုကို တစ်စိတ်တစ်ပိုင်း ခုနှိမ်ချေဖျက်ပေးခြင်းအားဖြင့် မကြာသေးမီကာလများ၌ အကျဘက်သို့ ဦးတည်နေခဲ့သော အိန္ဒိယဈေးကွက်ကို အကျပ်အတည်းကြားမှ ပြန်လည်နာလန်ထူ လာနိုင်စေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Source: Economic Times, 14 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)