တောင်ငူမြို့ အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူ ကုန်စည်များဝယ်ယူရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသားများအား ဖတ်ရှုသင့်သည့်အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနက ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC တွင် တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းဟောပြောပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင် မူးယစ်ဆေးဝါးအန္တရာယ်များကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်သူဇာထွေးက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း ရှင်းလင်းဟောပြောကြကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၈၅ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)