တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့ ရွှေကြက်ယက် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူ ရေးရာ ဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာများ ကို အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် ရေတာရှည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ငုဝါကျော်က မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကိုလည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးသန်းစိုးအောင်က မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း ဟောပြောပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ထုတ်လုပ်သူများအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားအများ ပြည့်စုံစွာဖော်ပြရန် စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားပြီးဖြစ်ပါသဖြင့် ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက် စောင့်ကြည့်လေ့လာခြင်းများ ဆောင်ရွက်နေမှုများ ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြော ပွဲသို့ ကျောင်းသားကျောင်းသူ ၁၆၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)