သရက်မြို့၏ ချဥ်ပေါင်ရွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

      ယခု သြဂုတ်လ မိုးရာသီအချိန်ကာလသည် မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ သရက်မြို့၊ မြို့နယ်အတွင်း ဒေသထွက်သီးနှံများဖြစ်ထွန်းသည့် အချိန်ကာလဖြစ်သည့်အလျောက် မြို့မစည်ပင် သာယာဈေးသို့ သရက်မြို့အတွင်းရှိ ကျေးရွာများဖြစ်ကြသော သဲတောကျေးရွာ၊ မြင်ဘာခြံကျေးရွာ၊ ကံသာစုကျေးရွာနှင့် မီးသွေးဖုတ်ကျေးရွာတို့မှ တနိုင်တပိုင်ခြံထွက် ဟင်းသီးဟင်းရွက်များမှ ချဥ်ပေါင်ရွက်များထွက်ရှိ၍ နေ့စဥ် အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။

       ချဥ်ပေါင်ပင်မှာ ရိုးရိုးချဥ်ပေါင်၊ ချဥ်ပေါင်(ဖြူ)နှင့် ချဥ်ပေါင်(ခါး)ဟူ၍ အမျိုးအစား (၃)မျိုး ရှိသည့်အနက်မှ မိမိတို့ဒေသခံ စားသုံးသူပြည်သူများမှာ ရိုးရိုးချဥ်ပေါင်ကိုသာ ရွေးချယ်စားသုံးမှုများ ကြသည်။ ၎င်းချဥ်ပေါင်မှာ ဟင်းချက်ရာတွင် ယခုရာသီစာ ပဲကြီးနှပ်၊ ပဲကြီးဟင်းချိုတို့နှင့် လိုက်ဖက်မှုရှိခြင်း၊ အချဥ်ဓါတ်ရရှိခြင်းကြောင့် အစာကြေလွယ်ခြင်း၊ အအီပြေလွယ်ခြင်း၊ အဆိပ် အရမ်းမပျင်းသည့် အင်းစက်ပိုးမွှားများကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာတွင် ချဥ်ပေါင်ရွက်အား ကြိတ်ချေ၍ ပွတ်တိုက်လိုက်ပါက အဆိပ်ပြေလွယ်ခြင်း၊ အသက်ကြီးအဘိုးအဘွားများပင် စားသုံး နိုင်ခြင်းစသည့် ကောင်းကျိုးများရရှိစေသော်လည်း ရင်ကြပ်ရောဂါအခံ ရှိသူများအနေဖြင့် သတိပြု စားသုံးသင့်ပါသည်။ မိမိတို့ဒေသသည် သီးနှံ/ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံးရရှိမှု နည်း ပါး၍ ရာသီပေါ်သီးနှံများကိုသာ နှစ်ခြိုက်စွာစားသုံးကြသည့်အတွက် ဝယ်လိုအားများသည်ဟု လည်း သိရပါသည်။ ချဥ်ပေါင်ပင်များသည် နွေရာသီမြေအောက်ရေဓါတ်နည်းပါး၍ ရေသွင်းစိုက် ရသည့် အချိန်တွင် ချဥ်ပေါင်ညွန့်(၉)ညွန့်၊(၁၀)ညွန့်ပါ တစ်စီးလျှင် ကျပ်(၂၀၀မှ ၂၅၀)အထိ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇွန်လ၊ ဇူလိုင်လတို့ကဲ့သို့ မြေအောက်ရေဓါတ်များချိန် မိုးရာသီ တို့တွင် ချဥ်ပေါင်ညွန်(၉)ညွန့်၊ (၁၀)ညွန့်ပါတစ်စီးလျှင် ကျပ်(၁၀၀)ဖြင့်သာ အရောင်းအဝယ်ရှိ ကြောင်း သိရသည်။ ထို့အပြင် ရပ်ကွက်အတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဆိုင်ကယ်/စက်ဘီးတို့ဖြင့် ရောင်းချသူတို့တွင် ဒေသခေါ် ချဥ်ပေါင်စုံအထုပ်များလဲ ရောင်းချကြပါသည်။ ၎င်းချဥ်ပေါင်စုံထုပ် တွင် ခရမ်းသီး(အသေး)၁လုံး၊ ရုံးပတီသီး(အသေး)၂တောင့်၊ နံနံပင်(၂)ပင်၊ ကန်စွန်းရွက်အနည်း ငယ်နှင့် ချဥ်ပေါင်ရွက်အနည်းငယ်ထည့်၍ထုတ်ထားသော (၁)ထုပ်လျှင် ကျပ်(၅၀၀)ဖြင့် ရောင်းချ လျက်ရှိကြောင်း ဈေးသည်များထံမှ သိရပါသည်။

DOCA(မကွေး)