“ ပြည်တွင်းရော်ဘာကုန်ကြမ်း အခြေပြုတန်ဖိုးမြင့်ထုတ်ကုန်များ၏ ဈေးကွက် “

Powered by Drupal

        တောင်တန်းများ၊ ကမ်းရိုးတန်းလွင်ပြင်များကို ပိုင်ဆိုင်ထားပြီးမိုးရေလက်မ လုံလောက်စွာ ရရှိသည့် မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသများသည် ရော်ဘာစိုက်ပျိုးရန် သင့်လျှော်သည့် မြေခံ၊ရေခံနှင့် ရာသီဥတုကောင်းအားပိုင်ဆိုင်ထားပါသည်။မွန်ပြည်နယ်သည် မြန်မာနိုင်ငံလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက အများဆုံးနှင့် ထုတ်လုပ်မှုပမာဏအများဆုံး ထွက်ရှိသောပြည်နယ် တစ်ခုဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၏ ရော်ဘာထုတ်လုပ်မှုပမာဏ အများဆုံးအားပိုင်ဆိုင် ထားသည့်အလျှောက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွန်ပြည်နယ်၏ရော်ဘာ ဈေးနှုန်းအပေါ်အခြေပြု၍ ရောင်းဝယ်မှုကို အဓိကပြုလုပ်ကြသည်။ ပြည်ပဝယ်လက်များမှလည်း ရော်ဘာတန်ချိန်ပမာဏ သိန်းချီလိုအပ်သည့်အခါတွင် မွန်ပြည်နယ်သို့အဓိကထား၍ ချိတ်ဆက်လျှက်ရှိသည်။ ထိုအခါ မွန်ပြည်နယ်မှရော်ဘာလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များသည် အိမ်နီးချင်းဒေသဖြစ်သည့် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို ဆက်သွယ်ညှိနှိုင်း ရောင်းဝယ်မှုများလုပ်ဆောင်လျှက်ရှိသည်။

        ကမ္ဘာပေါ်တွင် ရော်ဘာအား အရည်နှင့် အစိုင်အခဲ(အပြား/အတုံး)ပုံစံများဖြင့် ထုတ်လုပ်၍ စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းများအဖြစ်ပြန်လည်အသုံးပြုကြသည်။ ၎င်းတို့မှာ

  • Concentrated Latex     ရော်ဘာအစေးရည်
  • TSR (Technically Specified Rubber ) နှင့်
  • RSS (Ribbed Smoked Sheet) တို့ဖြစ်သည်-

         Concentrated Latex ရော်ဘာအစေးရည်ဟူသည်မှာ ရော်ဘာအပင်မှရရှိသည့် ရော်ဘာအစေးရည်အား ရော်ဘာအသားပါဝင်မှုအသားတင် ၆၀ ရာခိုင်နှုန်းရရှိအောင် ပြန်လည်သန့်စင် ထားသည့်ပျော်ရည် (အစေးရည်) ဖြစ်သည်။ ရော်ဘာအပင်မှခြစ်၍ ရရှိသောရော်ဘာအစေးရည်တွင်  DRC-Dry Rubber Content ဟုခေါ်သည့် ရော်ဘာပါဝင်မှုပမာဏ ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း ရေဓါတ် ၅၀မှ ၆၀ ရာခိုင်နှုန်းနှင့် အခြားဓါတ် ၁၀ ရာခိုင်နှုန်းပါဝင်သည်။ ထိုပျော်ရည် (အစေးရည်)အား ရေဓါတ်ပါဝင်မှုလျော့ချ၍  အသားတင်ရော်ဘာအသားပါဝင်မှု ၆၀ ရာခိုင်နှုန်း ရရှိစေရန် သန့်စင်ပြီး ထိုသို့သန့်စင်ထားသည့် ရော်ဘာပျော်ရည်(အစေးရည်)အား စက်မှုလုပ်ငန်း များတွင် ပြန်လည်အသုံးပြုရန်အတွက် ရောင်းချကြသည်။ သန့်စင်ထားသည့်ရော်ဘာပျော်ရည်  (အစေးရည်)အား သားရေကွင်း၊လက်အိတ်၊ ဘောလုံးနှင့် ဖော့ကဲ့သို့သော ပစ္စည်းများထုတ်လုပ်ရန် အတွက်အသုံးပြုသည်။ မြန်မာနိုင်ငံတွင် ထိုသို့သန့်စင်ထားသည့် ရော်ဘာအစေးရည်အား မခဲစေရန်အတွက် အစေးရည်အား ကြာရှည်ခံအောင် ထားသိုနိုင်မည့်လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်သည်။

ဒေသတွင်းဈေးကွက်နှင့် လုပ်ငန်းအခြေအနေ

     မြန်မာနိုင်ငံရှိ ရော်ဘာလုပ်ငန်းအများစုမှာ ခြံရှင်ငယ်များဖြစ်ကာ၊ ခြံရှင်ငယ် များပြားခြင်းကြောင့် ရော်ဘာထုတ်လုပ်သည့် အရည်အသွေးအားဖြင့် တသမတ်တည်းတန်းညှိ၍ ထုတ်လုပ်ရန်ခက်ခဲလျှက်ရှိပြီး ခြံရှင်ငယ်အများစုမှာအရည်အသွေးနိမ့်သည့် ရော်ဘာကုန်ကြမ်း များကိုသာထုတ်လုပ်နေကြသည့်အစဉ်အလာရှိနေသည်။ ရော်ဘာထုတ်ကုန်အား အချိန်တိုတို အတွင်းထုတ်လုပ်၍ဈေးကွက်သို့ ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိရန်အတွက်ဦးစားပေးကာ ထုတ်လုပ်နေကြသဖြင့် ထုတ်လုပ်မှုအရေအတွက်များသော်လည်း အရည်အသွေးမြင့်ရော်ဘာများ ကိုပမာဏအနည်းငယ်သာ ထုတ်လုပ်နိုင်ကြသည်။ ရော်ဘာအခြေပြုတန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်မှသာ ပြည်တွင်းရော်ဘာကုန်ကြမ်း ဝယ်ယူသုံးစွဲမှုမြင့်တက်လာမည်ဖြစ်ပြီး ပြည်တွင်းရော်ဘာဈေးကောင်းရရှိကာ ဈေးကွက်ခိုင်မာလာမည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း မြန်မာ့ရော်ဘာကုန်ကြမ်းကို ပြည်ပသို့အဓိကတင်ပို့မှု အားထားနေရသောအိမ်နီးခြင်းနိုင်ငံများ၏ နယ်စပ်ဂိတ်များမှ တရားဝင်ပို့ဆောင်ခွင့်ရရှိခြင်းရှိမရှိနှင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် တရားဝင်ကုန်သွယ်ခြင်းရရှိမှုအခြေအနေများသည်လည်း ဈေးကွက်စိန်ခေါ်မှုကြီးနေဆဲဖြစ်သည်။ ရော်ဘာနှင့်ပတ်သက်သော စိုက်ပျိုးမှု၊ထုတ်လုပ်မှုတို့၏  ကိန်းဂဏန်းအချက်အလက်များမှာ ပြည့်စုံစွာရှိသော်လည်း ဒေသအလိုက် ရော်ဘာကုန်ကြမ်းသုံးစွဲမှု အခြေအနေနှင့်ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များမှာ သေချာခိုင်မာစွာမရှိနေပေ။

ပြည်တွင်းဈေးကွက်အခြေအနေ

      ပြည်တွင်းဈေးကွက်အခြေအနေဖြင့်ရော်ဘာကုန်ကြမ်းကို အသုံးပြုပြီးရော်ဘာတန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်သော စက်ရုံနှင့်လုပ်ငန်းများမှာလည်း ပြည်ပမှသွင်းကုန်အဖြစ် ဝင်ရောက် လာသောဈေးကွက်ကို ယှဉ်ပြိုင်နှိုင်စွမ်းနည်းနေသည်။ ပြည်တွင်းရော်ဘာထွက်ကုန် အသုံးပြု  နိုင်သည့် ဈေးကွက်မခိုင်မာခြင်းကြောင့် ဈေးကွက်မတည်ငြိမ်ခြင်းနှင့် ဈေးကောင်းမရရှိခြင်း အကြောင်းရင်း ကိုဖြစ်စေသည်။ အရည်အသွေးမြင့်ရော်ဘာကုန်ကြမ်းများအား ထုတ်လုပ်ရန် အတွက် လိုအပ်သည့် နည်းပညာအကူအညီ၊ ဓါတုကုန်ကြမ်းသွင်းအားစုများ မပြတ်ရရှိရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးတို့မှာ အဓိကဖြေရှင်းဆောင်ရွက်ပေးရမည့် အခြေအနေဖြစ်နေဆဲပင်ဖြစ်ပြီး ပြည်တွင်း ရော်ဘာဈေးကွက်ခိုင်မာမှုအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေဆဲဖြစ်ပါသည်။ အထက်ပါစိန်ခေါ် မှုများကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်မှသာ ရော်ဘာအခြေပြုစက်ရုံ လုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလက်မှုများတိုးတက်ထွန်းကားလာပြီး ပညာတတ်မဟုတ်သော အခြေခံလူတန်းစားများကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးလာနိုင်မည်ဖြစ်ကာ ရော်ဘာ လုပ်ငန်းကို မှီခိုနေကြရသောအခြေခံ တောင်သူများ၏ လူမှုစီးပွားရေးဘဝမြင့်တက်လာမည် ဖြစ်ပါသည်။

DOCA(မွန်)