တောင်ငူမြို့ ရွှေနီငှက်ပျောသီးဈေးကွက်

Powered by Drupal

       ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် ရွှေနီငှက်ပျော၊ သီးမွှေးငှက်ပျော၊ ဖီကြမ်း ငှက်ပျောနှင့် ရခိုင်ငှက်ပျောကိုစိုက်ပျိုးကြရာတွင် ဈေးကွက်အတွင်း ရွေနီငှက်ပျောမှာ ဈေးကောင်း ရလျက်ရှိပါသည်။ ငှက်ပျောသီးကို စားသုံးမှုအတွက်မကဘဲ မြန်မာ့ယဉ်ကျေးမှုအရ ဘုရားပွဲ၊ နတ်ပွဲများတွင်လည်း အသုံးပြုကြသဖြင့် ဈေးကွက်ခိုင်မာသော သစ်သီးဝလံတစ်မျိုး ဖြစ်ပါသည်။

     ရွှေနီငှက်ပျောသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်၊  ဘောကလိ၊ လိပ်သို၊ ယာဒို၊ သံမိုးတောင်၊ မြင်းသီလာ၊ ထုံးဘိုကြီး၊ တောပြာကြီး၊ ရေတံခွန် ကျေးရွာနှင့် တောင်ငူ ခရိုင်၊ ရေတာရှည်မြို့နယ် ရေနီမြို့များမှ ထွက်ရှိပြီး တောင်ငူမြို့သို့ အများဆုံး တင်သွင်းလျက်ရှိသော ပို့ကုန်တစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။ တောင်ငူမြို့သို့ အဝေးမှလာရောက်လည်ပတ်ကြသော မိတ်ဆွေများအား လက်ဆောင်ပေးရာတွင် ရွှေနီငှက်ပျောမှာလည်း မျက်နှာကောင်းရသော သစ်သီး ဝလံ တစ်မျိုးဖြစ်ပါသည်။

      ယင်းသံတောင်ကြီးဒေသထွက် ငှက်ပျောသီးများအား တောင်ငူမြို့၊ ဘုရင့်နောင်ဈေးရှိ ငှက်ပျောသီးဆိုင်များသို့ တင်သွင်းလျက်ရှိသည်။ ငှက်ပျောသီး ဈေးကွက်ဈေးနှုန်းများအနေဖြင့် ရွှေနီငှက်ပျောသီး အကြီးတစ်ဖီးလျှင် ၅၀၀၀ ကျပ်၊ အလတ်တစ်ဖီးလျှင် ၃၀၀၀ ကျပ် နှင့် အသေးတစ်ဖီးလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအတွင်းရှိ ငှက်ပျောသီးဆိုင်များမှ စုံစမ်းသိရှိခဲ့ပါသည်။

DOCA(ပဲခူး)