
မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးလေ့ရှိကြသည့် ဓလေ့တစ်ခုက စွဲစွဲမြဲမြဲရှိနေသည့်အတွက် ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးရွက်ကြီးဈေးကွက်ကလည်း ခိုင်ခိုင်မာမာရှိပြီးသားဖြစ်ပါသည်။ ကွမ်းသီးတွင်အဝိုင်းသီးနှင့် အချွန်းသီးဟူ၍ပုံစံ(၂)မျိုးရှိရာ အချွန်းသီးများကိုသာအဝယ်ဒိုင်များက ဈေးကောင်းပေး၍ ဝယ်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့တွင်အဓိကစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ဇွန်၊ဇူလိုင်လခန့်တွင် ကွမ်းသီး လှိုင်လှိုင် စသီး နေကြောင်းသိရသည်။စီးပွားဖြစ်စိုက်ပျိုးမည်ဆိုလျှင်လည်း အနည်းဆုံး ၅နှစ်ကာလကြာမြင့်သည်။ တချို့အပင်များက ၅ နှစ်ကာလနှင့် အသီးသီးသော်လည်း တချို့အပင်များက သုံးနှစ်ခွဲလောက်ကတည်းက အသီးကင်းများ စတင်သီးလာပြီဖြစ်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကွမ်းသီးစိုက်ဧက နှစ်သိန်းခွဲကျော်ရှိကြောင်း သိရသည်။ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်တွေခရိုင်များတွင် ကွမ်းသီးပင်များ စိုက်ပျိုးဖြစ် ထွန်းပြီး အရည်အသွေး ကောင်း ကြောင်းသိရသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကွမ်းသီးများကပြည်ပဈေးကွက် ကောင်းလျက်ရှိသည်။ဈေးကွက်ထိပ်တန်းရောက်လာသည့်ကွမ်းသီးပင်များကို စနစ်တကျ စိုက်ပျိုး ၍ (၇)နှစ်မှ (၈)နှစ်အတွင်းမှသာ စတင်ခူးဆွတ်နိုင်သောကြောင့် စိုက်ပျိုးသူများအနေဖြင့် နှစ်ရှည် သီးနှံပင်ဖြစ်၍ ရေရှည်စီးပွားဖြစ်သော သီးနှံတစ်မျိုးဖြစ်သော်လည်း အကျိုးအမြတ်ရရှိမှုအတွက် စောင့်ဆိုင်းရကြောင်းသိရှိရပါသည်။ နှစ်ကာလချီ၍ ပြုစုပျိုးထောင်ရသော ကွမ်းသီးပင်များသည် ယခုအခါတွင် ရွှေကဲ့သို့ပင် တန်ဖိုးရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ကွမ်းသီးမှာအမှည့်ခြောက် တင်သာမက အရည်သောက်များလည်း ဈေးကောင်းရလျက်ရှိသည်။ ဈေးကောင်းရသောကြောင့် ကွမ်းသီးတို့အား ရင့်မှည့်ချိန်အထိ မရောက်ရှိဘဲ အရည်သောက်အနေ အထားဖြင့်ရောင်းချသည့်အတွက် ကွမ်းသီးခြောက်ထွက်ရှိမှုနှုန်းကျဆင်းလျက်ရှိသည်။ ယခုနောက်ပိုင်းတွင်ကွမ်းသီးခြောက် ဈေးကွက်ထက် ကွမ်းသီးနု ဝယ်လိုအားဈေးကွက်က ပို၍ကောင်းနေသည်။ ကွမ်းသီး၏အပြင်ပိုင်း အခွံစိမ်းကို ယေဘုယျအားဖြင့် ကွမ်းသီးနုဟုခေါ်ကြပြီး ကုန်သည်များကဝယ်ယူ ရာတွင် အခိုင်လိုက်၊ အလုံးလိုက်၊ ကီလိုအချိန်များနှင့်ဝယ်ယူကြသည်။ ကွမ်းသီးနုကို တရုတ်ဘက်မှ အဝယ်လိုက်ပြီး ကွမ်းသီးခြောက်ပါကင်တွေကိုတော့ အိန္ဒိယဘက်မှ ဝယ်ယူကြောင်း၊ ကွမ်းသီး အနုဈေးကွက်အဝယ်လိုက်နေသည့်အတွက်တစ်ဖက်တွင်ကွမ်းသီးအရင့်များ ရှားပါးသွားသည်။ ထို့ကြောင့် တောင်သူအချို့တွင် ကွမ်းသီးခြောက် ပြတ်လပ်မှုများရှိလာ၍ ဈေးကွက်အတွင်း ကွမ်းသီးခြောက် များဈေးမြင့်တက်လာခဲ့သည်။
ယခင်နှစ်တွင် ကွမ်းသီးခြောက် သိုလှောင်ထုတ်လုပ်မှု နည်းပါးနေသဖြင့် ကွမ်းသီးခြောက် လိုအပ်ချက်ကြောင့် ယခုနှစ်တွင် ဈေးနှုန်းများ ဈေးကောင်းလျှက်ရှိကာ စျေးနှုန်း ဆက်လက် မြင့်တက်နေပါသည်။ ဇွန်လပထမပတ်တွင် ကွမ်းသီးနုဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ကွမ်းသီးခြမ်းဈေးနှုန်းမှာမြင့်တက်နေပါသည်။ဇူလိုင်လတတိယပတ်တွင်ကွမ်းသီးအခြမ်း စျေးနှုန်း မှာ တစ်ပိဿာလျှင်(၃၈၀၀၀/-) ကျပ် ထိ ဈေးနှုန်းမြင့်တက်ပြီး ပြီးတနင်္သာရီတိုင်းဒေသကြီး မှထွက်ရှိသောကွမ်းသီးများကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းသို့ အများဆုံး တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)