ဇီဝဒီဇယ်တင်သွင်းမှု တန်ပြန်အကောက်ခွန်ကို ဖယ်ရှားပေးရန် ဥရောပသမဂ္ဂသို့ အင်ဒိုနီးရှား တောင်းဆို

Powered by Drupal

      ကမ္ဘာ့အကြီးဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ တိုင်ကြားမှု များအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ထောက်ခံသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် ဥရောပသမဂ္ဂအနေဖြင့် ဇီဝဒီဇယ်တင်သွင်းမှုအပေါ် တန်ပြန်အကောက်ခွန် စည်းကြပ်ခြင်းကို ချက်ချင်းဖယ်ရှားပေးရန် ဩဂုတ် ၂၅ ရက်နေ့၌ တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

          အင်ဒိုနီးရှားနိုင်ငံရှိ ဇီဝဒီဇယ်ဆီ ထုတ်လုပ်သူများအနေဖြင့် အစိုးရထံမှ အထောက်အပံ့များ၊ အခွန်သက်သာခွင့်များ ရရှိမှုနှင့်အတူ ကုန်ကြမ်းပစ္စည်းများကို ဈေးကွက်ပေါက်ဈေးများထက် သက်သာသောနှုန်းထားဖြင့် ရယူလျက်ရှိသည်ဟု ပြောဆိုလျက် ဥရောပသမဂ္ဂသည် အင်ဒိုနီးရှားမှ တင်သွင်းသော ဇီဝဒီဇယ်များအပေါ် အခွန် ၈ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအတွင်း စည်းကြပ်ခြင်းကို ၂၀၁၉ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့သည်။ ထိုသို့ အခွန်ကောက်ခံခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ စည်းမျဉ်းများကို ဖေါက်ဖျက်လျက်ရှိသည်ဟု ဖော်ပြလျက် ကြားနာစစ်ဆေးပေးရန် အင်ဒိုနီးရှား နိုင်ငံက ၂၀၂၃ ခုနှစ်တွင် အရေးဆိုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

     အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Budi Santoso က သွင်းကုန်အပေါ် တန်ပြန်အခွန် စည်း ကြပ်မှုများသည် WTO ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိသဖြင့် ချက်ချင်းရုတ်သိမ်းပေး ရန်  ဥရောပသမဂ္ဂသို့ တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ရာ၌ ပြောဆိုခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၏ စားအုန်းဆီတင်ပို့မှုအပေါ် ပို့ကုန်အခွန်နှင့် အထူးစည်းကြပ်အခွန် ကောက်ခံခြင်းကို ပြည်တွင်းလုပ်ငန်းရှင်များအပေါ် အထောက်အပံ့များ ပေးအပ်မှုအဖြစ် သတ်မှတ်ခြင်းမပြုနိုင်ဟု WTO ၏ ကြားနာစစ်ဆေးရေးအဖွဲ့က ဖော်ပြထားကြောင်းဖြင့်လည်း အဆိုပါဝန်ကြီးဌာနက ပြောဆိုသည်။

          အင်ဒိုနီးရှား စားအုန်းဆီလုပ်ငန်းအသင်း (GAPKI) ကလည်း ၎င်းတို့အနေဖြင့် WTO ၏ ဆုံးဖြတ်ချက်ကို လှိုက်လှဲစွာ ကြိုဆိုလက်ခံကြောင်း၊ အထူးသဖြင့် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ နောင်အနာဂတ် စီမံဆောင်ရွက်မှုများ တွင် အင်ဒိုနီးရှား၏ စားအုန်းဆီအပေါ် ခွဲခြားဆက်ဆံမှုမပြုရေး သေချာခိုင်မာအောင် လုပ်ဆောင် ရန် ဥရောပကော်မရှင်သို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

     အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီအခြေခံ ဇီဝဒီဇယ်ဆီတင်ပို့မှုမှာ  ၂၀၁၉ ခုနှစ်၌ ကီလိုလီတာ ပေါင်း ၁.၃၂ သန်းရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကီလိုလီတာ ၃၆၀၀၀ သို့ တစ်ဟုန်ထိုးကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်၌ တင်ပို့မှုမှာ ကီလိုလီတာ ၂၇၀၀၀ သာ ရှိခဲ့သည်။

     အင်ဒိုနီးရှား ဇီဝလောင်စာဆီ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Catra de Thouars က အတိတ်ကာလ၌ ရရှိခဲ့သော အတွေ့အကြုံအရ ၎င်းတို့အနေဖြင့် ဥရောပသမဂ္ဂသည် အဆိုပါတောင်းဆိုချက်နှင့်အညီ လိုက်ပါဆောင်ရွက်မှုရှိ/ မရှိကို သံသယဖြစ်ပေါ်လျက် ရှိကြောင်း၊ WTO ၏ ယခုဆုံးဖြတ်ချက်ချမှတ်မှုနောက်ပိုင်း၌ ဥရောပသမဂ္ဂဘက်မှ မည်သည့် လုပ်ဆောင်မှုကိုမဆို အရန်သင့် သတိပြုစောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည်  ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့ကြောင်းဖြင့် ရိုက်တာသို့ ပြောကြားခဲ့သည်။

          အင်ဒိုနီးရှားဇီဝဒီဇယ်ဆီများ တင်သွင်းမှုအပေါ် တန်ပြန်စုပုံအခွန် (anti-dumping duties) ကောက်ခံရန် ဥရောပတရားရုံးက ဥရောပသမဂ္ဂသို့ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ၁ နှစ်အကြာတွင် အဆိုပါ တန်ပြန်အကောက်ခွန် (countervailing duties) စည်းကြပ်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ် ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် စားအုန်းဆီအတွက် ဈေးကွက်ဝင်ရောက်ခွင့် ပိုမိုရရှိစေရေး ဥရောပသမဂ္ဂနှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် ရေးထိုးနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Reuters, 25 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)