
ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ဆန်စပါးတင်ပို့မှု ဈေးကွက်စုံဖြန့်ကျက်နိုင်ရေးနှင့် ဈေးကွက် တိုးချဲ့နိုင်ရေးကို ကြိုးပမ်းလျက်ရှိရာ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ စတုတ္ထအကြိမ် အထွေထွေညီလာခံနှင့် ပဉ္စမသက်တမ်းကာလ အတွက် ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲကို ကျင်းပမှုနှင့်အတူ ကမ္ဘောဒီးယား၏ ကြိတ်ခွဲ ပြီးဆန် ဈေးကွက်ချဲ့ထွင်ရေးနှင့် ဈေးကွက်မျိုးစုံ ဖြန့်ကျက်တင်ပို့ရေး မဟာဗျူဟာ ၂၀၂၅ - ၂၀၃၀ (Cambodia’s Milled Rice Market Expansion and Export Diversification Strategy 2025–2030) တရားဝင် စတင်ဆောင်ရွက်မှု အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနား၌ ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က ဆန်စပါးကဏ္ဍသည် အမျိုးသား စားနပ်ရိက္ခာဖူလုံစေခြင်းနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်စေ ခြင်းတို့ဖြင့် နိုင်ငံ့စီးပွားရေး၌ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ နိုင်ငံတကာဈေးကွက် များသို့ ဆန်တင်ပို့မှု ဆက်လက် တိုးမြှင့်နိုင်ရန်မှာ ဆန်စပါးလုပ်ငန်းနယ်ပယ်၌ ပါဝင်လုပ်ဆောင် သူများ အားလုံးက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ကမ္ဘောဒီးယား အနေဖြင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံအများအပြားသို့ ဆန်တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏ သည် ၃၀ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် အစိုးရ၏ မူဝါဒများနှင့် မဟာ ဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရာတွင် မရှိမဖြစ် အရေးပါသည့် ပုဂ္ဂလိက ကဏ္ဍ၏ ပါဝင်ဆောင်ရွက်မှုကို ဆက်လက်ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဆန်တင်ပို့မှုမဟာဗျူဟာ ကို ဖော်ဆောင်ရာတွင် ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဝန်ကြီးဌာနနှင့် အခြားသော အဖွဲ့အစည်းများက နည်းပညာရပ်ဆိုင်ရာ မိတ်ဖက် အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောဆိုချက်အရ အဆိုပါ ဆန်တင်ပို့မှုမဟာဗျူဟာ ၂၀၂၅-၂၀၃၀ တွင် ပင်မ မဟာဗျူဟာ ဦးတည်ချက် ၃ ရပ် ပါရှိ ကြောင်း၊ ပထမအချက်သည် အဓိကနိုင်ငံတကာဈေးကွက်များအတွင်း ကမ္ဘောဒီးယား၏ ပရီမီယံ အဆင့် ဆန်မွှေး၏ ခိုင်မာစွာရပ်တည်မှုကို ထိန်းသိမ်းထားရှိနိုင်ရေးဖြစ်ကြောင်း၊ ဒုတိယအချက် သည် အာရှဒေသရှိ ဈေးကွက်များအတွင်း ဝင်ငွေအလယ်အလတ်တန်းရှိသော စားသုံးသူများသို့ ဦးတည်၍ ဆန်ဖြူတင်ပို့မှု တိုးမြှင့်ရေးဖြစ်ကြောင်း၊ တတိယအချက်မှာ တည်ရှိဆဲနှင့် အနာဂတ် တွင် ဖြစ်ပေါ်လာနိုင်သော အစိုးရအချင်းချင်း ကုန်သွယ်မှု သဘောတူညီချက်များ (G2G deals) နှင့် ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ပံ့မှု အဖွဲ့အစည်းများ၏ စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီ အစဉ်များမှတစ်ဆင့် ဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေရေးပင်ဖြစ်ကြောင်း သိရှိရ သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် တန်ဖိုးဒေါ်လာ ၄၉၁.၁၉ သန်းရှိသော ဆန် တန်ချိန် ၆၅၁၅၂၂ တန်ကို ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း CRF အသင်းချုပ်၏ အချက်အလက်များ အရ သိရသည်။ ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၆၅ ခုသို့ ဆန် ၄၂၀၅၇၂ တန် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၃၀၉.၃၂ သန်း ရရှိထားပြီးဖြစ်သည်။ ၎င်းပမာဏသည် ၂၀၂၄ ခုနှစ် အလားတူကာလ၌ တင်ပို့နိုင်ခဲ့သော တန်ဖိုး ဒေါ်လာသန်း ၂၈၀ ရှိသည့် ဆန်တန်ချိန် ၃၇၉၅၄၆ တန်နှင့် နှိုင်းယှဉ်ပါက ဝင်ငွေ ခိုင်မာစွာ တိုးတက်ရရှိခဲ့သည်ကို ဖော်ပြလျက်ရှိသည်။
Source: Phnom Penh Post , 26 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)