အိန္ဒိယလက်ဝယ်၌ ဆန်တန်ချိန် သန်း ၂၀ ဖြန့်ဖြူးရန်ကျန်ရှိမှုက ထိုင်းဆန်ဈေးနှုန်းကို ကျဆင်း စေနိုင်

Powered by Drupal

 

          ထိုင်းဆန်တင်ပို့သူများအသင်းက အိန္ဒိယအစိုးရ၏ ဆန်သိုလှောင်ရုံမှ ဆန်တန်ချိန် သန်း ၂၀ ဖြန့်ဖြူးရန် ကျန်ရှိမှုသည် ထိုင်းဆန်ဈေးနှုန်းကို လာမည့်လတွင် ဆက်လက်ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း သတိပေးထားသည်။

          အဆိုပါအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chukiart Opaswong က အိန္ဒိယအစိုးရသည် သီးနှံရာသီအသစ်မှ ထွက်ပေါ်မည့် ဆန်စပါးများကို လယ်သမားများထံမှဝယ်ယူမှု စတင်မည့်အချိန် ၌ သိုလှောင်ရုံနေရာရရှိစေရေးအတွက် လက်ရှိအရန်ဆန်သိုလှောင်ထားရှိမှုကို လျှော့ချရန် စီစဉ် လျက်ရှိကြောင်း၊ အကယ်၍ ၎င်း၏အရန်ဆန်လက်ကျန်မှ ဆန်တန်ချိန် သန်း ၂၀ ကို ဖြန့်ဖြူး ရောင်းချပါက ကမ္ဘာ့ဆန်ဈေးကွက်တွင် ထိုင်းဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုအားနည်းသွားစေမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖြစ်ပေါ်မှုသည် ပြည်တွင်းဆန်ဈေးနှုန်းများကို ကျဆင်းစေမည်ဖြစ်ပြီး ထိုင်း လယ်သမားများအား ကြီးမားသော ထိခိုက်မှုများဖြစ်စေမည်ဖြစ်ကြောင်း ခန့်မှန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

          သတင်းဌာနများ၏ ဖော်ပြချက်များအရ အရန်ဆန်သိုလှောင်ထားရှိမှုမှ အချို့ကို အီသနော ထုတ်လုပ်သူများထံ ရောင်းချခြင်း၊ အချို့ကို ဝင်ငွေနည်းပါးသူများသို့ ဖြန့်ဝေပေးခြင်းနှင့် ကျန်ရှိ သောဆန်များကိုမူ ဆန်တင်ပို့သူကုန်သည်များထံသို့ ရောင်းချခြင်းဖြင့် အိန္ဒိယအစိုးရသည် ဆန် များကို နည်းလမ်းသုံးမျိုးဖြင့် ခွဲဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

          အိန္ဒိယအစိုးရသည် အဆိုပါဆန်များကို တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၃၀ နှုန်းဖြင့် ရောင်းချရန် သတ်မှတ်ထားကြောင်း ကြားသိရခြင်းက ၎င်းတို့အတွက် အထိတ်တလန့်ဖြစ်စေခဲ့ ကြောင်း၊ အိန္ဒိယကုန်သည်များ အနေဖြင့် ၎င်းဆန်များကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် ကျခံသုံးစွဲလျက် ပြည်ပပို့ကုန် အရည်အသွေးအဆင့်သို့ မြှင့်တင်နိုင်ကြောင်း၊ ထို့နောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၈၀ မှ ၃၀၀ အကြား နှုန်းထားဖြင့် ပြည်ပသို့ရောင်းချနိုင် ကြောင်း၊ ယင်းစျေးနှုန်းသည် လက်ရှိတွင် ထိုင်းဆန်တင်ပို့ ရောင်းချမှုစျေးနှုန်းထက် သိသိသာသာ နိမ့်ကျမှုရှိကြောင်း Mr. Chukiart က ထောက်ပြခဲ့သည်။

          လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသည် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူအမျိုးအစားကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၅ မှ ၃၇၀ အကြားနှုန်းထားဖြင့် တင်ပို့လျက်ရှိသည်။ အဆိုပါ ပို့ကုန်စျေးနှုန်းအရ ထိုင်းလယ်သမားများသည် ယခင်နှစ်၌ စပါးတစ်တန်လျှင် ဘတ်ငွေ ၁၁၀၀၀ မှ ၁၂၀၀၀ ရရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် စပါးတစ်တန်လျှင် ဘတ်ငွေ ၅၀၀၀မှ ၆၀၀၀ အကြားသာ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

          ယခင်နှစ်နှောင်းပိုင်း၌ အိန္ဒိယအစိုးရက ဆန်ဖြူတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းလိုက် သည့်အချိန်မှစ၍ ကမ္ဘာ့ဈေးကွက်တွင် အိန္ဒိယဆန်များသာ နေရာယူရောက်ရှိနေခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းဆန်ဈေးနှုန်းများသည် ချက်ချင်းဆိုသလို ကျဆင်းသွားခဲ့ပြီး လာမည့်လအတွင်း အိန္ဒိယမှ ဆန်တန်ချိန် သန်း ၂၀ ဈေးကွက်သို့ ဝင်ရောက်လာပါက ပိုမိုကျဆင်းလာမည်ဟု မျှော်မှန်းရ ကြောင်း Mr. Chukiart က ဖြည့်စွက်ပြောကြားခဲ့သည်။

          ၂၀၂၅ ခုနှစ်အတွက် ဆန်တင်ပို့ရန် လျာထားချက်များမှာ အိန္ဒိယနိုင်ငံသည် တန်ချိန် ၂၃ သန်း၊ ဗီယက်နမ်နိုင်ငံသည် တန်ချိန် ၉ သန်းနှင့် ထိုင်းနိုင်ငံသည် တန်ချိန် ၇.၅ သန်း အသီးသီး ဖြစ်ကြောင်း၊ ယခုနှစ် ပထမခြောက်လအတွင်း အိန္ဒိယနိုင်ငံသည် ဆန်တန်ချိန် ၁၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၅.၂ သန်းနှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၃.၇ သန်း အသီးသီး တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source: The Nation Thailand, August 24, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)