ပြည်တွင်း၌စပါးဝယ်ယူမှုအပေါ် မူတည်၍ ဆန်တင်သွင်းခွင့်ခွဲတမ်း ဖိလစ်ပိုင် သတ်မှတ်မည်

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်စည်းကြပ်မှု ဥပဒေ (၂၀၁၉) ကို ပြန်လည်ပြင်ဆင်ရန် စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုပြုချက်များတွင် ဆန်တင်သွင်းမှု ခွဲတမ်းသတ် မှတ်ရေးလည်းပါဝင်ကြောင်း၊ ပြည်တွင်းရှိ တောင်သူများထံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များက ဝယ်ယူ သည့် စပါးပမာဏအပေါ်မူတည်၍ ၎င်းတို့ထံ ဆန်တင်သွင်းခွင့်ခွဲတမ်းများကို ခွဲဝေသတ်မှတ်ပေး ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးအတွင်းဝန် Francisco P. Tiu Laurel, Jr. က ဩဂုတ် ၁၉ ရက်၊ အင်္ဂါနေ့တွင်ပြောကြားခဲ့ပါသည်။

          အဆိုပါ ဥပ‌ဒေ၌ ပြဋ္ဌာန်းချက်များအရ ပုဂ္ဂလိကကုန်သည်များသည် ၎င်းတို့၏ ဆန်သွင်းကုန် များအပေါ် အခွန် ၃၅ ရာခိုင်နှုန်း ကနဦးပေးဆောင်ထားပါက ကန့်သတ်ချက်မရှိပဲ တင်သွင်းခွင့် ရရှိထားခြင်းဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းခြင်းသည် အမျိုးသားစားနပ်ရိက္ခာ အာဏာ ပိုင်အဖွဲ့၏ ဆန်တင်သွင်းခွင့် အခွင့်အာဏာကို လွှဲပြောင်းရယူလျက် ကိုယ်စားပြုလုပ်ဆောင်ခြင်း ပင်ဖြစ်သည်။

          သို့ဖြစ်ရာ ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းသူများ အနေဖြင့် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင် အဖွဲ့က ဆောင်ရွက်နေသည့် နိုင်ငံတော်အရန်ဆန် သိုလှောင်ထိန်းသိမ်းမှု လုပ်ငန်းရပ်များကို လည်း မျှဝေတာဝန်ယူရန် လိုအပ်ကြောင်း၊ အရန်ဆန် သိုလှောင်ထားရှိရန် လိုအပ်သည့် ပမာဏကို လက်ရှိ ၁၅ ရက်စာမှ ရက် ၂၀ အတွက်အထိသို့ တိုးမြှင့်မည်ဆိုပါက အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ နှစ်ရပ်သည် တစ်ဝက်စီခွဲ၍ တာဝန်ယူသင့်ကြောင်း၊ ထိုသို့ ၅၀-၅၀ စနစ်ဖြင့် လုပ်ဆောင်ခြင်းက အစိုးရ၏ အရန်စပါးဝယ်ယူမှုကို မြှင့်တင်နိုင်မည်ဖြစ်ပြီး သိုလှောင်မှုကုန်ကျစရိတ်များကိုလည်း သက်သာစေမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ပါက အစိုးရသည် အရန်ဆန်ထားရှိရန်အတွက် လိုအပ်သော ပမာဏကိုသာ တင်သွင်းမည်ဖြစ်ပြီး ကျန်ရှိသော ဆန်တင်သွင်းမှုအားလုံးကို ပုဂ္ဂလိက ကဏ္ဍက အလုံးစုံ တာဝန်ယူ ဆောင်ရွက်ရန်ဖြစ်ကြောင်း အတွင်းဝန်က ဆက်လက်ပြောကြားခဲ့ပါသည်။

          ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်စည်းကြပ်မှုဥပဒေအား ယခင်အကြိမ် ပြင်ဆင်မှု၌ အနိမ့်ဆုံး သိုလှောင်ထားရှိရမည့် စည်းမျဉ်းများနှင့်စပ်လျဉ်း၍ သိုလှောင်ရက်ကို ၉ ရက်အစား ၁၅ ရက်သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။ အရန်သိုလှောင်ထားရှိမည့် ဆန်အားလုံးသည် ပြည်တွင်းရှိ လယ်သမားများထံမှ ဝယ်ယူထားသည့် ဆန်များဖြစ်ရန်လိုအပ်သည်ဟု ဥပဒေ၌ ပြဋ္ဌာန်းထားပါ သည်။

          စိုက်ပျိုးရေးဦးစီးဌာနသည် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သို့ ကြီးကြပ်ပိုင်ခွင့်နှင့် အများပြည်သူထံသို့ ဆန်တိုက်ရိုက်ရောင်းချရန် အခွင့်အာဏာများ ပြန်လည်အပ်နှင်းပေးရန် မျှော်လင့်လျက်ရှိသည်။ လက်ရှိကာလတွင် အဆိုပါ အာဏာပိုင်အဖွဲ့အနေဖြင့် အစိုးရအဖွဲ့အစည်း များထံသို့သာ ဆန်ရောင်းချခွင့်နှင့် စားနပ်ရိက္ခာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားရှိ ချိန်၌သာ အခြားသော အဖွဲ့အစည်းအချို့ထံသို့ ဆန်ရောင်းချခွင့်ရှိပါသည်။

          ပြည်တွင်းအစိုးရအဖွဲ့အစည်းများသည် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့မှ ဖြန့်ဖြူး သည့် ဆန်များထက် ဈေးနှုန်းပိုမိုသက်သာမှုရှိသော ပြည်ပမှတင်သွင်းလာသည့် ဆန်များကို  ပိုမို လိုလားမှုရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆည်ရေ ပေးဝေမှုတို့ကို ခေတ်မီတိုးတက်စေမည့် အစီအမံများ ပြန်လည်လုပ်ဆောင်သင့်ကြောင်း Mr. Laurel က ပြောကြားထားပါသည်။

          အထက်လွှတ်တော် စိုက်ပျိုးရေးကော်မတီဥက္ကဋ္ဌ Francis Pancratius N Pangilinan သည် စိုက်ပျိုးစီးပွားရေးရာ အဖျက်အမှောင့်လုပ်ငန်းများ ကာကွယ်တားဆီးရေးကော်မတီ အစည်းအဝေး ကို ဩဂုတ် ၂၀ ရက်နေ့၌ ခေါ်ယူကျင်းပရန် စီစဉ်ထားရှိကြောင်း၊ အစိုးရအနေဖြင့် ဥပဒေနှင့်အညီ ဆန်ကုန်သည်များကို ထိန်းကျောင်းမှုများ ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ် နေသည့် အလုပ်အကိုင်နေရာ ၂၅၀၀ အတွက် နိုင်ငံအဆင့် တက္ကသိုလ်၊ ကောလိပ်များ၊ အစိုးရ ကျောင်းများနှင့် အခြားတက္ကသိုလ်များမှ စိုက်ပျိုးရေးဘွဲ့ရရှိထားသူ ဦးရေ ၂၅၀၀၀ အနက်မှ ရွေးချယ် ခန့်အပ်သွားရန် ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Business World Online, 20 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)