
အိန္ဒိယနိုင်ငံ၊ ကာနာတကာပြည်နယ်တွင် ပဲမျိုးစုံစိုက်ပျိုးထားရှိမှု ဧရိယာ ဟက်တာ ၄ သိန်းခန့်သည် ထိခိုက်ပျက်စီးဆုံးရှုံးမည့် အခြေအနေ တွေ့ကြုံနေရကြောင်း အိန္ဒိယစိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်အရ သိရှိရပါသည်။ အဆိုပါ ပြည်နယ်အတွင်း Dharwad, Belagave, Haveri, Gadag နှင့် Bagalkot ခရိုင်များရှိ တောင်သူများသည် မေလလယ်ပိုင်း မိုးများ စတင်ရွာသွန်းချိန်၌ ပဲမျိုးစုံကို ဆောလျင်စွာ စိုက်ပျိုးခဲ့ကြပြီး ယခုအခါ သီးနှံရိတ်သိမ်းရန် အသင့်ဖြစ်နေချိန်တွင် အချိန်အခါမသင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ကာနာတကာပြည်နယ်တွင် ယခုနှစ် မိုးသီးနှံရာသီ၌ ပဲတီစိမ်းစိုက်ဧရိယာ ဟက်တာ ၂၃.၁၆ သိန်း စိုက်ပျိုးခဲ့ပြီး ၎င်း၏ ၇၀ ရာခိုင်နှုန်း (ဟက်တာ ၁၈ သိန်း) ခန့်သည် ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် စုစည်းလျက်ရှိသဖြင့် အဆိုပါ ခရိုင် ၅ ခုအတွက် အဓိကသီးနှံဖြစ်လျက်ရှိ သည်။ စီရင်စု ၁၄ ခုကျော်ရှိ တောင်သူလယ်သမားများမှာ ပဲတီစိမ်းကို ပုံမှန်စိုက်ပျိုးချိန်ထက် စော၍ မေလလယ် မိုးအစောပိုင်းကျရောက်ချိန်တွင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ သို့သော် ဇွန်လ နှင့် ဇူလိုင်လများတွင် မိုးရေချိန် ကြီးမားလွန်ကဲစွာ ဖြစ်ပေါ်ခဲ့ပြီး အပင်ပေါက်ကာစ သီးနှံစိုက်ခင်း ဧရိယာ ဟက်တာ ၂ သိန်းခန့်၌ ထိခိုက်ပျက်စီးစေခဲ့ရာ တောင်သူလယ်သမားအများစုအတွက် ပြောင်းသီးနှံကို ပြောင်းလဲစိုက်ပျိုးရန် တွန်းအားပေးခဲ့သည်။ ယခုထပ်မံ၍ ပဲတီစိမ်းစိုက်ဧရိယာ ဟက်တာ ၄ သိန်းခန့်သည် စိုက်ခင်းများရေဝင်၍ သီးနှံများ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း သိရှိရ သည်။
ကာနာတကာပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ စိုက်ဧရိယာ ဟက်တာ ၄ သိန်းခန့် အပါအဝင် ပြည်နယ်တစ်ဝန်း၌ မတ်ပဲသီးနှံကို ဧရိယာ ဟက်တာ ၁၁.၄၆ သိန်းခန့် စိုက်ပျိုးထားရှိမှုမှာလည်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိသည်။ မတ်ပဲသီးနှံ၏ ပျက်စီးဆုံးရှုံးမှု သည် ၁၀-၁၅ ရာခိုင်နှုန်းခန့်ထိ ရှိနိုင်ကြောင်း အရာရှိများ၏ ခန့်မှန်းချက်အရ သိရှိရသည်။
ယခင်နှစ်တွင်လည်း ဩဂုတ်လမိုးကြောင့် သီးနှံရိတ်သိမ်းထွက်ရှိမှုကို ထိခိုက်မှုရှိခဲ့ပြီး အထွက် ၅၀ ရာခိုင်နှုန်းမျှသာ ရရှိခဲ့ကြောင်း၊ ယခုနှစ်၌ စိုက်ပျိုးသီးနှံ ၆၀ ရာခိုင်နှုန်းခန့်မှာ ရေဝင်၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း Belagavi ခရိုင် Yawad ကျေးရွာရှိ မတ်ပဲနှင့် ပဲတီစိမ်း ဧက ၂၀ စိုက်ပျိုးသည့် တောင်သူ Mallikarjun Hiremath က ပြောကြားခဲ့သည်။ Nargund နှင့် Bagalkot ခရိုင်ရှိ တောင်သူလယ်သမားများမှလည်း မိုးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွက် သီးနှံပျက်စီး ဆုံးရှုံးမှုလျော်ကြေးနှင့် အာမခံကြေးများလည်း မရရှိသေးသည့်အတွက် တောင်သူများအနေဖြင့် ကျေနပ်မှု မရှိကြောင်း သိရှိရပါသည်။
Nargund ခရိုင်ရှိ တောင်သူတစ်ဦးဖြစ်သူ Basangouda Malipatil က သီးနှံပျက်စီးဆုံးရှုံး မှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ကြောင်း၊ သီးနှံများအခြေအနေကောင်းမွန်သဖြင့် အထွက်ကောင်း လိမ့်မည်ဟု မျှော်မှန်းခဲ့ကြသော်လည်း ဩဂုတ်လမိုးကြောင့် သီးနှံအားလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယခုအခါ ရိတ်သိမ်းချိန်ဖြစ်သော်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုက်ခင်းအတွင်း ဝင်ရောက်လုပ်ကိုင်ရန်ပင် ခက်ခဲမှုရှိကြောင်း ပြောကြားခဲ့သည်။
ကောက်ပဲသီးနှံ ကုန်စည်အဝယ်ဒိုင်များတွင်မူ ပဲတီစိမ်း တစ်ကွမ်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၉၀၀၀ နှုန်းထိ မြင့်တက်လာပြီး သီးနှံပျက်စီးဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေပါက ထပ်မံ၍ ဈေးနှုန်းမြင့်တက်လာနိုင်သည်ဟု ဈေးကွက်ဆန်းစစ်သုံးသပ်သူများက ခန့်မှန်းထားသည်။
တောင်သူများအနေဖြင့် ပဲတီစိမ်းသီးနှံကို ၁ နှစ်အတွင်း ၂ ကြိမ် စိုက်ပျိုးနိုင်ရန်အတွက် ယခုနှစ်၌ စောစီးစွာ စိုက်ပျိုးခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုပိုမိုခဲ့ကြောင်း စိုက်ပျိုးရေးအရာရှိများက ပြော ကြားခဲ့သည်။ Dharwad ခရိုင်တစ်ခုတည်းတွင်ပင် ပဲတီစိမ်းသီးနှံ စိုက်ဧရိယာ ဟက်တာ ၁ သိန်း ရှိပြီး တောင်သူ ၆၀ ရာခိုင်နှုန်းခန့်မှာ အစောပိုင်းစိုက်ပျိုးခဲ့ကြကြောင်း၊ ယခုကာလသည် သီးနှံရိတ် သိမ်းချိန် ဖြစ်သော်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အလွန်အမင်း စိုးရိမ်ဖွယ်ဖြစ်နေ ကြောင်း စိုက်ပျိုးရေး တွဲဖက်ညွှန်ကြားရေးမှူး Manjunath Antharvalli က ပြောကြားခဲ့သည်။
ကာနာတကာပြည်နယ်တွင် ပဲတီစိမ်းနှင့် မတ်ပဲအပြင် ပဲပုပ်နှင့် ပြောင်းသီးနှံတို့သည်လည်း မိုးကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း Deccan Herald သတင်းဌာန၏ ဖော်ပြ ချက်အရ သိရှိရပါသည်။
Source: Deccan Herald, 25 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)