
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ သြဂုတ်လ (၁၄)ရက်နေ့တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မြစ်သားမြို့ ၊ ကူမဲမြို့၊ မြို့မ စျေးအတွင်းရှိ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်အရောင်းဆိုင် နှင့် မျှစ်ရောင်းချသည့်ဆိုင် များသို့သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေး အရာရှိများက ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်နှင့်မျှစ်ဆိုင်များ အနေဖြင့် မိမိတို့ရောင်းချသော ကုန်ပစ္စည်းများတွင် စားသုံးရန်မသင့်သည့် ဆိုးဆေးများပါဝင်သော ကုန်ပစ္စည်းများအားရောင်းချခြင်း မပြုရန်နှင့် ၄င်းဆိုးဆေး များပါသည့် အစားအစာများမှ စားသုံးသူပြည်သူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်ပြီး နောက်ဆုံးကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ပါကြောင်း၊ ငရုတ်သီးမှုန့်ရောင်းချသည့် ဆိုင်များအနေဖြင့် မှိုများပါဝင်သည့် ငရုတ်သီးများအား ကြိတ်ခွဲရောင်းချခြင်းမပြုရန်နှင့် သန့်ရှင်း လတ်ဆက်သော ငရုတ်သီးများအားအသုံးပြုပြီး ရောင်းချရန်လိုအပ်ကြောင်း၊ ယခုအချိန်သည် မိုးတွင်း ကာလ ဖြစ်သောကြောင့် ငရုတ်သီးမှုန့်များတွင် အသည်းကိုထိခိုက်စေနိုင်သော အာဖလာတော့ဆင် မှိုပေါက်ဖွားနှုန်းများပြားသောကြောင့် ငရုတ်သီးမှုန့်များ ရောင်းချရာတွင် အထူးဂရုပြုရောင်းချရန် လိုအပ်ကြောင်း စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)