
စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ပါသည်။
ဟောပြောပွဲများတွင် ကျောင်းအုပ်ချုပ်သူ ဆရာကြီးဦးနေဝင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးတို့က မိတ်ဆက်စကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာများကို ဟောပြောပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ၁၁၂ ဦး တက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)