
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဒစ်ဂျစ်တယ်အသိပညာ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း "Digital Knowledge Attitude and Practice Training" သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၆.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက နောင်ကုလား ကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား ရေးမှူး ဒေါ်အိကလျာနိုင်က ဌာနအနေဖြင့် MSMEs လုပ်ငန်းများအား Digital နည်းပညာဖြင့် စျေးကွက်ပိုမိုရရှိပြီး အောင်မြင်သော လုပ်ငန်းရှင်များဖြစ်စေလိုပါကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital နည်းပညာသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ရေရှည် လုပ်ငန်းများအောင်မြင်စေရေး Traditional Market အပြင် Digital Marketing ကိုပါ ပူးတွဲ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းနှင့် ပြည်တွင်း/ပြည်ပစျေးကွက်များလည်း ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများအားဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီး Digital နည်းပညာကိုအသုံးပြု၍ online မှ တဆင့် လုပ်ငန်းမှတ်ပုံတင်များ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ သိရှိနိုင်ကြစေရန်အတွက် သင်တန်းအား ဖွင့်လှစ်ပို့ချပေးရခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့်လည်း Online Registrationအသုံးပြုမည်ဆိုပါက လုပ်ငန်းများ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် Digital Economy ရရှိအောင်ကြိုးစားဆောင်ရွက် သွားကြရန်တိုက်တွန်းပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်ထွန်းထွန်းလှ၊ သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်လာသည့် လုပ်ငန်းရှင်တို့က တစ်ဦးချင်းမိတ်ဆက်ပေးကြကာ သင်တန်းအား ဆက်လက်ကျင်းပသည်။
အဆိုပါသင်တန်းတွင် သထုံမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စား လုပ်ငန်းရှင် ၂၀ ဦးတို့ တက်ရောက်ကြပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (online sale)လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းအကြောင်း သိကောင်း စရာများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Digital Literacy and Digital Transformation in MSMEs များအကြောင်းနှင့် SSID မှရေးဆွဲထားသည့် e-Commerce Website ဝင်ရောက်ပုံနှင့်အသုံးပြုနည်းများအကြောင်း သိကောင်းစရာတို့ကို တစ်ရက်ကြာ ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA (မွန်)