
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ရှိ ဒေသထွက်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “သန်းကျော်” နှင့် “ကြည်ဖြူ” အမှတ်တံဆိပ် မြေပဲဆားလှော် လုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ဈေးနှုန်း၊ ဈေးကွက်များကွင်းဆင်း မေးမြန်းခဲ့ကြောင်း သိရသည်။
လုပ်ငန်းရှင်များမှ မြေပဲဆားလှော် လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်ကြမ်းဖြစ်သော မြေပဲကို ပခုက္ကူမြို့ပေါ်ရှိ ပဲပွဲရုံများမှ တစ်ပိဿာလျှင် ကျပ်(၉၅၀၀)ဖြင့် ဝယ်ယူရကြောင်း၊ ပဲလေး(ကျွန်းပဲ)ကို သာ သုံးစွဲကြောင်း၊ မြေပဲကိုသန့်စင်ပြီးရေနွေးဖျောပြီးလျှင် ဂျင်း၊ ကြက်သွန်ဖြူ၊ ဆားဖြင့် သမ အောင် ရောမွှေ၍ ခဏအခြောက်ခံကြောင်း၊ ထို့နောက်နယ်ပြီးသောမြေပဲများကို ဒယ်အိုးထဲထည့်၍ စက်ဖြင့် လှော်ကြောင်း၊ ပဲအမျိုးအစားအပေါ်မူတည်၍ (၂၅)ပိဿာဝင် တစ်အိတ်လှော်လျှင် (၂၇-၂၉)ပိဿာ ကုန်ချောထွက်ရှိကြောင်း၊ လုပ်သားဦးရေ(၁၂)ဦးရှိပြီး တစ်နေ့လျှင် အမျိုးသားတစ်ဦး ကျပ်(၁၅၀၀၀)၊ အမျိုးသမီးတစ်ဦး ကျပ်(၁၀၀၀၀)ပေးကြောင်း၊ တစ်ရက်လျှင် (၁၈-၂၀)အိတ်ခန့် လှော်ရပြီး တစ်လ ပျမ်းမျှ(၂၀)ရက်ခန့်လုပ်ကိုင်ရကြောင်း၊ အိမ်နီးနားပတ်ဝန်းကျင်ရှိပြည်သူများအား အလုပ်အကိုင်အခွင့် အလမ်းများပေးနိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် မြေပဲဆားလှော်တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၁၀၀၀) ဖြင့် လက်လီ/လက်ကားရောင်းချကြောင်း၊ မြို့တွင်း၌ ရောင်းချမှုနည်းပြီး ရန်ကုန်မြို့သို အဓိကထား တင်ပို့ကြောင်း၊ (၂၃-၂၅)ပိဿာဝင် အိတ်အသီးသီးဖြင့်တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်အိတ်လျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)ခန့်ရရှိကြောင်း၊လက်ရှိအချိန်မှာ နားရက်မရှိတွင်ကျယ်စွာ တင်ပို့ နေရကြောင်း လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)