
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအားရှိသော သခွားသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ သခွားစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၅)ရက်မတိုင်မီ စိုက်ခင်းထဲသို့ ပြောင်းရွေ့ စိုက်ပျိုးရကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ သခွားမျိုးစေ့ တစ်ထုတ် လျှင် (၃၅၀၀၀-၄၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုး (၂၀၀)ဂရမ် စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ တိုင်ထောင်ဝါး၊ ပလပ် စတစ်လိပ်ဖိုး များအပါအဝင် စုစုပေါင်း (၆၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ သခွားစိုက်ပျိုးရာတွင် တန်းကြားတစ်ပင်လျှင် (၃)ပေခြား၊ (၂)ပေခြား၍ စိုက်ပျိုးကြောင်း ၊ တစ်ဧကလျှင် အပင် (၇၀၀၀)ကျော်ခန့် ဝင်ဆန့်ကြောင်း ၊ စတင်အသီးသီးချိန်မှ (၃)လုံးအထိ တင်စေပြီး တင်းနစ်ဘောလုံး အရွယ်အစားရောက်လျှင် တစ်ပင်ကို (၂)လုံးသာ ယူကြောင်း၊ အသီးတင်ပြီး (၁၀)ရက်တစ်ကြိမ် သွင်းအားစုများ ထည့်ပေးရကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၃၅)ရက်၊ (၄၅) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ရွှေသခွား၊ ကျောက်စိမ်း သခွားနှင့် ပိုက်ကွက်သခွားမျိုးများကို စိုက်ပျိုးကြကြောင်း၊ ဇွန်လဆန်းတွင် စိုက်ပျိုးခဲ့သောကြောင့် စက်တင်ဘာလဆန်းပိုင်းတွင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၁၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ ခရိုင်အတွင်း လက်ရှိစိုက်ပျိုးမှု အနည်းငယ်သာရှိပြီး စိုက်ပျိုးသောရွာမှာ မြေစိုရွာဖြစ်ကြောင်း၊ ယခုလက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော သခွားသီးများ မှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများဖြစ်ပြီး သစ်သီးဆိုင်များမှ ဝင်ရောက်သော အသီး အနည်းငယ်သာရှိကြောင်း ထွက်ပေါ်ချိန်မှသာ အသီးများဖြိုင်ဖြိုင်ရောင်းချနိုင်မှာဖြစ်ကြောင်း သစ်သီးရောင်းချသော ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ သခွားဈေးနှုန်းအနေဖြင့် ကျောက်စိမ်းသခွား/ ပိုက်ကွက်သခွား တစ်လုံးလျှင် အလုံးသေး (၇၀၀၀/-)ကျပ်၊ အလုံးကြီး (၁၀၀၀၀/-) ကျပ်၊ ရွှေသခွား တစ်လုံးလျှင် အလုံးကြီး(၈၀၀၀/-)၊ အလုံးသေး (၅၀၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲ အရောက်လာရောက် ဝယ်ယူသူများလည်းရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)