ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဓာတ်မြေဩဇာကုမ္ပဏီများ စာချုပ်ချုပ်ဆိုပွဲအခမ်းအနား တက်ရောက်

Powered by Drupal

    နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက် သက်သာစွာ ဖြန့်ဖြူးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဓာတ်မြေဩဇာ ကုမ္ပဏီများ စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

    ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စုစုပေါင်း စိုက်ဧက ၈၅သိန်းကျော်စိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျေးလက်လူဦးရေ ၈၅ရာခိုင်နှုန်း နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်စပ်သည့် အလုပ်အကိုင်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးသီးနှံပန်းတိုင် အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးခြင်းဖြင့် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် များစွာ အထောက်အပံ့ရမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လက်ဝယ်သို့ သွင်းအားစုများ အချိန်မီပေးအပ်ရန်လိုအပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်ဆောက်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက် သက်သာစွာ ဖြန့်ဖြူးနိုင်ရေးအတွက် ပါဝင်ဆောင်ရွက် စာချုပ်ချုပ်ဆိုခဲ့သည့် ကုမ္ပဏီများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။

     ဆက်လက်၍ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားတာဝန်ရှိသူတစ်ဦးက ဓာတ်မြေဩဇာရောင်းချပေးမည့်အစီအစဉ်များကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွက် မိုးစပါးဓာတ်မြေဩဇာလိုအပ်ချက်တင်ပြမှု၊  မိုးစပါးဓာတ်မြေဩဇာ(ဩဂုတ်)လအတွက် မြို့နယ်များအလိုက်ခွဲဝေရရှိမှု၊ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်း များနှင့် အသုံးပြုရမည့် ပုံစံများအားလည်းကောင်း၊ ဓာတ်မြေဩဇာသွင်းအားစု ကုမ္ပဏီများ ကိုယ်စားတာဝန်ရှိသူတစ်ဦးက သွင်းအားစု ဓာတ်မြေဩဇာ စတင်ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးခဲ့သည်။

 

(DOCA ဧရာဝတီ)