ကသာခရိုင် ပြည်ပပို့ကုန် အစေ့ထုတ်ပြောင်း ဈေးကောင်းရသော်လည်း အထွက်နှုန်းလျော့   

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ပြည်ပပို့ကုန်အစေ့ထုတ်ပြောင်း စိုက်ဧက (၆၆၆၆၈) ဧက ရှိပြီး ၂၀၂၂-ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းနေကြောင်း သိရသည်။

    မိုးသီးနှံ အစေ့ထုတ်ပြောင်းကို နှစ်စဉ် မေလတွင် စိုက်ပြီးကြပြီး ကသာခရိုင် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက် ကုန်းမြေများတွင် တောင်သူများအနေဖြင့် နှမ်းသီးနှံတစ်လှည့် အစေ့ထုတ်ပြောင်း တစ်လှည့်ဖြင့် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ယခုနှစ် ကသာခရိုင်တွင် မိုးအစေ့ထုတ်ပြောင်းသီးနှံသည် စိုက်ပျိုးမှုများသော်လည်း မြေဆီ၊ မြေဩဇာ ပုံမှန်မကျွေးနိုင်သည့် အတွက် အထွက်နှုန်းကျဆင်းသော်လည်း ဈေးကွက်တွင် ဈေးကောင်းရကြောင်း သိရသည်။

      ကသာခရိုင် ပဲ၊ ပြောင်း၊ နှမ်း သီးနှံအသင်း အတွင်းရေးမှူး ဦးမြင့်သိန်းမှ ယခုနှစ် အစေ့ထုတ် ပြောင်း စိုက်ပျိုးမှုများပြီး မြေဆီ၊ မြေဩဇာ ပုံမှန်ကျွေးနိုင်ပါက တစ်ဧက တင်း (၇၀ မှ ၈၀)ထိ ထွက်နိုင် ကြောင်း၊ သို့သော်လည်း ယခုနှစ် မြေဩဇာဈေးနှုန်းမြှင့်တက်လာပြီး ပုံမှန် မြေဩဇာ မကျွေးနိုင်သည့် အတွက် တစ်ဧက တင်း(၃၀ မှ ၄၀)သာ ထွက်ကြောင်း၊ ဈေးမှာ အထိုင်ဈေးတစ်တင်းလျှင် (၁၅၀၀၀) ကျပ်ရှိပြီး မန္တလေးပွဲရုံဈေးမှာ (၂၀၀၀၀)ကျပ် ဈေးရှိကြောင်း၊ ဒေသတွင်း တိရိစ္ဆာန်အစာစပ်စက်ရုံ၊ စားသောက်ကုန်စက်ရုံများ မရှိသည့်အတွက် ကသာခရိုင်မှ ထွက်ရှိသော အစေ့ထုတ်ပြောင်း အားလုံး နီးပါး မန္တလေးပွဲရုံသို့ တင်ပို့ကြကြောင်းနှင့် အစေ့ထုတ်ပြောင်းများအား မန္တလေးပွဲရုံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုများလည်းရှိကြောင်း ဦးမြင့်သိန်း၏ ဆွေးနွေးပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)