
ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့သည် ကမ္ဘောဒီးယား-ဗီယက်နမ် ဆက်ဆံရေး အထူးသဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် တိုးမြှင့်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြ ကြောင်း အထက်လွှတ်တော်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က ၂-၉-၂၀၂၅ ရက်နေ့ တွင် ပြောကြားခဲ့သည်။ ကုန်သွယ်မှုရည်မှန်းချက် ကန်ဒေါ်လာ ၂၀ ဘီလီယံ ရရှိရန် နှစ်နိုင်ငံ ကြား ကုန်စည်သယ်ယူပို့ဆောင်ရေး မြှင့်တင်ရန်လိုအပ်ကြောင်း ခေါင်းဆောင်နှစ်ဦး သဘော တူညီခဲ့ကြကြောင်း Thyrith က ပြောကြားခဲ့သည်။ Thyrith ၏ ပြောကြားချက်အရ Chinh သည် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေမည့် Prey Veng နှင့် Tay Ninh ပြည်နယ်ကြားရှိ Tay Ninh -Meun Chey အပြည်ပြည်ဆိုင်ရာ နယ်စပ်စစ်ဆေးရေးဂိတ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း စတင်ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးချုပ် Hun Manet နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ခရီးသွားလုပ်ငန်းနှင့် လူအချင်းချင်းအပြန်အလှန် ဖလှယ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ် Chinh က ဗီယက်နမ် ခရီးသွားများသည် လက်ရှိတွင် ကမ္ဘောဒီးယားတွင် ပထမအဆင့်ရှိကြောင်း မှတ်ချက်ပြုခဲ့ပြီး Hun Sen က ဤကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးပေးခဲ့ကြောင်း Thyrith က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန (GDCE) ၏ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ ပထမ (၇) လတွင် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၄.၉၄ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)