
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၅.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီဗဟိုကောင်စီဝင် ပြည်နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးကျော်မြင့်က မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး လူမှုကရုဏာ အဖွဲ့ အစည်းဖြစ်သည်နှင့်အညီ သမိုင်းကြောင်းအစဉ်အလာ ကြီးမားသည့် အသင်းကြီးတစ်သင်းလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်ကြီးများတွင် ဘေးဒုက္ခခံစားခဲ့ကြရသူ ပြည်သူများကို လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာအဆင့်အတန်း မခွဲခြားဘဲ အစွမ်းကုန် ကူညီကယ်တင်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေး၊ လူမှုကာကွယ်ရေးနှင့် သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများတွင် ကျေးလက် ဒေသ အောက်ခြေအထိ ပါဝင်ကူညီဆောင်ရွက်ပေးပြီး ယခုလို ကျောင်းသား/သူများ စိတ်ပါဝင် စားစွာ တက်ရောက်သင်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြား ခဲ့သည်။
ထို့နောက် သင်တန်းဆင်း လက်မှတ်နှင့် သင်တန်းတွင် ထူးချွန်စွာဆုရရှိခဲ့သည့် သင်တန်းသားကျောင်းသား/ သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)