
၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့ နေ့လယ် (၁၄:၀၀) အချိန်၌ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ အစည်းအဝေးခန်းမတွင် ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့၏(၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ ပါသည်။အဆိုပါအစည်းအဝေးတွင်ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးအဖွဲ့နှင့် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့၏ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ အနေဖြင့်နိုင်ငံတော်မှ သတ်မှတ်ထားသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ စားသုံးဆီ ဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ အနေဖြင့် လစဉ်ခွဲဝေချထားပေးသော စားသုံးဆီများပြည်နယ် အတွင်းသို့ အပြည့်အဝ ရောက်ရှိအောင်သယ်ယူရေး၊ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်း ဖြင့် ရောင်းချဖြန့်ဖြူး နိုင်ရေး ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း / မမှန်မကန်ဆောင်ရွက်ခြင်းများ မရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မမှန်မကန်ဆောင်ရွက်ချက်များအား စိစစ်တွေ့ရှိ ရပါက ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားရန် ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သော သင့်တင့် မျှတသော ဈေးနှုန်းဈေးကွက် (Reasonable Market Price )ဖြင့် ရောင်းချရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် အများအပြား ဝယ်ယူသိုလှောင်ထားမှုမရှိ စေရေးကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေး ရမည့်ကိစ္စရပ်များရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ ပါသည်။
ယင်းနောက် စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် ဆန်စပါးလုပ်ငန်းကြီးကြပ် ရေးအဖွဲ့တို့၏ အတွင်းရေးမှူး ဦးရွှေဖြူက စားသုံးဆီနှင့်ဆန်စပါး လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအား အမှာစာများဖြင့် တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသူ အဖွဲ့ဝင်များက အပြန်အလှန်မေးမြန်းဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြပြီး ညနေ (၁၇:၃၀) အချိန်ခန့်တွင် အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)