နိုင်ငံတော်သည် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၅၀၀ နီးပါးကို ဆွဲဆောင်ထား

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကန်း စုစုပေါင်း ၄၉၁ ခု လက်ခံရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် စီမံကိန်းများ တိုးလာကြောင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ၄-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံဖြင့် မှတ်ပုံတင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၀ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မတည်ငွေ ကန်ဒေါ်လာ သန်း ၅,၀၀၀၊ အခြေခံအဆောက်အအုံကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၁,၈၀၀၊ စိုက်ပျိုးရေးကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၃၇၀ နှင့် ခရီးသွားကဏ္ဍတွင် ကန်ဒေါ်လာ ၁၇၅ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဌ Lim Heng က ကမ္ဘောဒီးယားတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမှုအပေါ် အလားအလာရှိသော ပတ်ဝန်းကျင်နှင့် ပို့ကုန်ဈေးကွက် အလားအလာ များကို ရှင်းလင်းပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး ပိုမိုကောင်းမွန် လာစေရန် အမြန်လမ်းများ၊ ရေနက်ဆိပ်ကမ်းများ၊ နိုင်ငံတကာလေဆိပ်များနှင့် ထောက်ပံ့ ပို့ဆောင်ရေးစင်တာများ အပါအဝင် အပြန်အလှန်ချိတ်ဆက်ထားသော ခြေခံအဆောက်အအုံ ကွန်ရက်တွင် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း ဆက်လက် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ တိုးလာခြင်းနှင့် ပတ်သက်၍ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ Sun Chanthol   က ကမ္ဘောဒီးယား အစိုးရအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး တည်ငြိမ်မှုနှင့် မက်ခရိုစီးပွားရေး စသည်တို့ကြောင့် တိုးလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၅၀၀ ကျော် လက်ခံရရှိ ရန် မျှော်မှန်းထားပြီး အလုပ်အကိုင်ပေါင်း ၃၀၀,၀၀၀ ကျော် တိုးလာနိုင်မည် ဖြစ်ကြောင်း Sun Chanthol   က ဆက်လက်ပြောကြားခဲ့သည်။

DOCA (ရန်ကုန်)