
Toyota Tsusho ကော်ပိုရေးရှင်းသည် ၂၀၂၆ ခုနှစ်၊ အစောပိုင်းတွင် မော်တော်ယာဉ် အပိုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထူးအာရုံစိုက် ကာ ၎င်း၏သင်တန်းကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် Toyota Tsusho ကော်ပိုရေးရှင်း၏ အကြီးတန်းအမှုဆောင်အရာရှိများနှင့် အတူ ၄-၉-၂၀၂၅ ရက်နေ့က ဂျပန်နိုင်ငံ၊ Osaka မြို့၌ ကုမ္ပဏီ၏ဌာနခွဲအမှုဆောင်အရာရှိချုပ် Harada Shigeru ဦးဆောင်သည့် အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Tuy Ry နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ ကုမ္ပဏီသည် ကမ္ဘောဒီးယားနိုင်ငံရှိ မော်တော်ကားကဏ္ဍ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအချက်ဖြစ်ကြောင်း Shigeru မှ ပြောကြားခဲ့ပြီး Toyota သည် ၎င်း၏ သင်တန်းကျောင်းကို ၂၀၂၆ ခုနှစ်အစောပိုင်းတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ သတင်းရင်းမြစ်များအရ အဆိုပါသင်တန်းကျောင်းသည် အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ Shigeru သည် နိုင်ငံအတွင်း ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအတွက် ဝန်ကြီး Cham Nimul နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။ Nimul သည် ကမ္ဘောဒီးယားပြည်သူများအတွက် အလုပ်အကိုင် များစွာဖန်တီးပေးခဲ့ပြီး နည်းပညာလွှဲပြောင်းမှု လွယ်ကူစေသည့် ၎င်း၏မော်တော်ကားတပ်ဆင်စက်ရုံကို တည်ထောင်ခြင်းဖြင့် ကမ္ဘောဒီးယားကို ရင်းနှီးမြုပ်နှံမည့်နေရာအဖြစ် ရွေးချယ်သည့် အတွက် Toyota အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
DOCA (ရန်ကုန်)