
၂၀၂၅ ခုနှစ်၏ ပထမ ၇ လတွင် ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၁ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရရှိခဲ့ပြီး တင်ပို့သည့်ပမာဏတွင် ၈ ရာခိုင်နှုန်းနှင့် တင်ပို့သည့်တန်ဖိုးတွင် ၆၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဥရောပသည်အကြီးမား ဆုံးဈေးကွက်အဖြစ်ဆက်လက်တည်ရှိနေပြီး အာရှတွင် အထူးသဖြင့် ကမ္ဘောဒီးယားတွင်လည်း ဝယ်လိုအားကြီးထွားလျှက်ရှိကြောင်း သိရပါသည်။ ဇူလိုင်လတွင် ဗီယက်နမ်သည် ကမ္ဘောဒီးယား သို့ အမေရိကန်ဒေါ်လာ ၂.၇ သန်းတန်ဖိုးရှိသော ကော်ဖီတန်ချိန် ၇၁၃ တန်တင်ပို့ခဲ့ပြီး တင်ပို့သည့် ပမာဏတွင် ၄၀၆ ရာခိုင်နှုန်းနှင့် တင်ပို့သည့်တန်ဖိုးတွင် ၄၆၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်ဦးစီးဌာန၏အဆိုအရ သိရပါသည်။ ဇန်နဝါရီမှ ဇူလိုင်လထိ ၇ လ တာကာလတွင် ဗီယက်နမ်သည် ကမ္ဘောဒီးယားသို့ ကော်ဖီတန်ချိန် ၂၂၃၁ တန်တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါကပမာဏတွင် ၇၈ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စီးပွားရေး လုပ်ငန်းများသည်လည်း နှစ်နိုင်ငံကုန်သွယ်ရေးတည်ငြိမ်စွာမြင့်တက်ရေးတွင် ပူးပေါင်းပါဝင်လျှက် ရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ကျော်ဖြတ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ကုန်ပစ္စည်းများသည် ၎င်းတို့၏အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်းတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် လူကြိုက်များကြောင်း သိရပါ သည်။ တရုတ်နိုင်ငံတွင်ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းညီလာခံတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် အစည်းအဝေးအတွင် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က သယ်ယူပို့ဆောင်ရေးအားကောင်းရန်၊ နယ်စပ်လုပ်ငန်းစဉ်များမြန်ဆန်ရန်နှင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးအမေရိကန်ဒေါ်လာ ၂၀ ဘီလီယံထိရောက်ရှိရန် အဆိုပြုခဲ့ ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံ Do Viet Phuong က များစွာသောပို့ကုန်-သွင်းကုန်အမျိုးအစားများမှာ အားကောင်းသောအလားအလာကို ပြသနေခြင်းနှင့်အတူ နှစ်နိုင်ငံစီးပွားရေးသည်မြင့်မားစွာလိုက်ဖက်မှုရှိနေကြောင်းနှင့် ထိုမှ တစ်ဆင့် နှစ်ဖက်အစိုးရချမှတ်ထားသည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ထိုအလားအလာကို အကောင်အထည် ဖော်ရန်အတွက် ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ စီးပွား ကူးသန်းဝန်ကြီးဌာနတို့သည် ဗီယက်နမ်-ကမ္ဘောဒီးယားစီးပွားရေးချိတ်ဆက်မှုကွန်းဖရန့်ကို ဩဂုတ်လတွင် ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုအခမ်းအနားတွင် ဗီယက်နမ်သည် ကမ္ဘောဒီးယားအသင်းအဖွဲ့များ၊ ဖြန့်ဖြူးရေးစနစ်များနှင့် သွင်းကုန်လုပ်ငန်းရှင် များနှင့်ချိတ်ဆက်မှုအားကောင်းရန်နှင့် ကုန်သွယ်ရေးပိုမိုညီမျှရန်နှင့် ချောမွေ့ရန်အတွက် နည်းစနစ်အတားအဆီးများကိုဖယ်ရှားရေး အတူတကွလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)