
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ခြံစည်းရိုးများတွင် ဂွေးသီးပင်များကို စိုက်ပျိုးထားရှိကြကြောင်း၊ ဂွေးသီးပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး ဇွန်လဆန်းမှစ၍ ရာသီပေါ်ဂွေးသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရာသီချိန်ကုန်ဆုံးမည်ဖြစ်ကြောင်း၊ ဂွေးသီးပင်တွင် ဂွေးချိုပင်နှင့်ဂွေးချဉ်ပင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ဂွေးချိုသီးများကို အချဉ်ပေါင်းပြုလုပ်ရာတွင် သရေစာအဖြစ် စားသုံးကြကြောင်း၊ ဂွေးချဉ်သီးများကို အိမ်ရှင်မများအနေဖြင့် ဟင်းချက်ရာတွင် စားသုံးကြကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာပထမပတ်တွင် ဂွေးသီး ၂၅ လုံးလျှင် (၁၅၀၀)ကျပ် ပေါက်ဈေး များဖြင့်ရောင်းချကြောင်း၊ ယခင်ဩဂုတ်လ ပထမပတ်တွင် ဂွေးချဉ်သီး(၂၅)လုံးလျှင် ၁၀၀၀ ကျပ် ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ဂွေးသီး ၂၅ လုံးလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရာသီပေါ်ဂွေးသီးများ ကုန်ဆုံး ခါနီးပြီဖြစ်သောကြောင့် ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်ကြောင်း၊ အသီးလတ်ဆတ်မှုနှင့် အရွယ် အစားအပေါ်တွင် မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ စားသုံးမှုအနေဖြင့် ဂွေးသီး (အချဉ်သီး) များကို ဂွေးသီးငပိချက်၊ ဂွေးသီးအမဲသားနှပ်ချက်၊ ဂွေးသီးမြေပဲဆံချက်နှင့် ဂွေးသီးငါး အစပ်ချက်၊ ဂွေသီးဝက်သားနှပ်ချက်များသည် စားသုံးမှုများပြားသောကြောင့် ဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)