ရာသီပေါ် ဝါးပိုးဈေးကွက်

Powered by Drupal

    ကျိုင်းတုံမြို့ မြို့မဈေးကြီးတွင် စက်တင်ဘာလမှစ၍ ရာသီစာအစားအစာတစ်မျိုးဖြစ်သည့် ဝါးပိုးများကို ဈေးကွက်ထဲတွင် ရောင်းချလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ဝါးပိုးကို သဘာဝအလျှောက် အလေ့ကျပေါက်လေ့ရှိသည့် ဝါးပင်များမှရရှိကြောင်း သိရှိှရပါသည်။ ပေါ်ဦးပေါ်ဖျားတွင် ဝါးပိုး အစိမ်း အကောင်သေးလျှင် ၁၀ ကျပ်သားကို ကျပ် ၆၀၀၀၊ ၇၀၀၀၊ အကောင်ကြီးလျှင် ၁၀ ကျပ်သားကို ကျပ် ၈၀၀၀၊ ၉၀၀၀ ဈေးရရှိပါသည်။ ဝါးပိုးသည် ကျိုင်းတုံမြို့နယ် ဝမ်တာပုံ၊ ဝမ်တာပင်း၊ ပန်ကြူ၊ မိုင်းခွန်၊ ပင်းတောက်အုပ်စုများတွင် အလေ့ကျပေါက်သည့် ဝါးပင်မှ ရရှိသော ပိုးတစ်မျိုးဖြစ်သည်။

    ဝါးပိုးသည် စက်တင်ဘာလ ၉ လပိုင်း၌စပေါ်၍ ဝါးပိုး အစိမ်းကို ၁၀ လ၊ ၁၁ လပိုင်းထိသာရရှိ နိုင်ပါသည်။ ဝါးပိုး အစိမ်း ၁၀ ကျပ်သားကို ကြော်လျှင် ၄ ကျပ်သား၊ ၅ ကျပ်သားခန့်ရရှိပါသည်။ ဝါးပိုးကြော် ၁၀ ကျပ်သား တစ်ထုတ်လျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ခန့် ဈေးရှိပါသည်။ ဝါးပိုးကို ဆားထည့်ကြော်ပြီး ထားသိုထုတ်ပိုးမှုကောင်းလျှင် ၁၀ လ၊ ၁၂ လခန့် ထားခံကြောင်း အရောင်းအဝယ် ပြုလုပ်သူထံမှ သိရှိရပါသည်။

     စားလို့ရသည့် ပိုးများထဲတွင် ဝါးပိုးသည် အဆိတ်တောက်နည်း၍ သဘာဝပေးသော ဒေသအစားအစာတစ်မျိုးဖြစ်ခြင်းကြောင့် စားသုံးသူများက ဝယ်ယူစားသုံးကြပါသည်။ ဝါးပိုးကို စားသုံးခြင်းဖြင့် လူကိုဘေးအန္တရာယ်မဖြစ်စေနိုင်သည့်အပြင် ဗီတာမင်ဓာတ်များရရှိနိုင်ပါသည်။ ဝါးပိုးတွင် ပရိုတိန်း ၂၆ % အဆီဓာတ် ၅၁% ပါဝင်ပါသည်။ ရာသီပေါ်ဖြစ်၍ စားသုံးသူများအနေဖြင့် အသိမိတ်ဆွေ၊ ဆရာသမားများကို လက်ဆောင်ပေးရန်အတွက်လည်းကောင်း၊ ကျန်းမာရေး ဓာတ်စာအဖြစ် စားသုံးရန်အတွက်လည်းကောင်း ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြပါသည်။ ဒေသနေတိုင်းရင်းသားများအနေဖြင့် ဝါးပိုးရှာဖွေရောင်းချခြင်းဖြင့် ဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)