ပြည်တွင်းရှိ တာယာထုတ်လုပ်သည့် ကုမ္ပဏီများမှ ရော်ဘာဝယ်လိုအား မြင့်တက်လာမှု ကြောင့် ၂၀၂၅ ခုနှစ် ပထမ(၈)လအတွင်း ကမ္ဘောဒီးယား၏ ရော်ဘာတင်ပို့မှုမှာ ယခင်နှစ် အလား တူကာလနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းကာ တန်ချိန် ၁၈၀,၀၀၀ ကျော်သာ တင်ပို့ နိုင်ခဲ့သည်။
ကမ္ဘာ့ဈေးကွက်တွင် ရော်ဘာပျမ်းမျှဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ယင်းကာလ အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ရော်ဘာတင်ပို့မှုမှ ရရှိခဲ့သော ဝင်ငွေမှာ ယခင်နှစ်၏ ဝင်ငွေပမာဏ နှင့် နှိုင်းယှဉ်လျှင် ကွာခြားမှုမရှိကြောင်း သိရှိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနလက်အောက်ရှိ ရော်ဘာညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ဒုတိယပတ်အတွင်း ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာတန်ချိန် ၁၈၃,၉၁၀ ခန့် တင်ပို့ နိုင်ခဲ့ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း တင်ပို့ခဲ့သော တန်ချိန် ၂၀၉,၇၃၃ နှင့်နှိုင်းယှဉ်ပါက ၁၂.၃ ရာခိုင်နှုန်း လျော့နည်းခြင်းဖြစ်ကြောင်း၊ ယခင်နှစ် အလားတူကာလအတွင်း ရော်ဘာပို့ကုန်ဝင်ငွေ ဒေါ်လာသန်း ၃၂၈.၃၂ ရရှိခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာသန်း ၃၂၈.၃၇ ရရှိခဲ့ သည့်အတွက် အနည်းငယ်သာ ကွာခြားမှုရှိကြောင်း၊ ပို့ကုန်ဝင်ငွေတည်ငြိမ်နေရခြင်း၏ အကြောင်း အရင်းမှာ ရော်ဘာဈေးနှုန်းသည် ပျမ်းမျှအားဖြင့် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းကြောင့် ဖြစ် ကြောင်း သိရှိရသည်။
အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ပထမ (၈) လအတွင်း နိုင်ငံတကာဈေးကွက်ရှိ ပျမ်းမျှ ရော်ဘာ စျေးနှုန်းမှာ တစ်တန်လျှင် ၁,၇၈၆ ဒေါ်လာဖြစ်ပြီး ယခင်နှစ်စျေးနှုန်းထက် ဒေါ်လာ ၂၂၀ မြင့်တက် နေကြောင်း၊ ရော်ဘာစေး တင်ပို့မှုများအပြင် ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာသစ်သား ၁၂,၇၁၂ ကုဗမီတာ ခန့်ကိုလည်း တင်ပို့နိုင်ခဲ့ပြီး ယင်းမှ ဒေါ်လာ ၂.၉၃ သန်းခန့်ဝင်ငွေရရှိခဲ့ကြောင်း ဖော်ပြ ထားသည်။
ရော်ဘာညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Khun Kakada က ရော်ဘာ တင်ပို့မှုပမာဏ အနည်းငယ် လျော့နည်းသွားသော်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းမှာ တန်ချိန် ၂၁၈,၁၁၈ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ နှင့်နှိုင်းယှဉ်ပါက ၂.၂၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
တင်ပို့မှုကျဆင်းရခြင်း၏ အကြောင်းရင်းမှာ ပြည်တွင်းထုတ်လုပ်သူများ၏ ပြည်တွင်းဝယ် လိုအား မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ပထမ (၈) လအတွင်း ပြည်တွင်းသုံးစွဲမှုပမာဏမှာ တန်ချိန် ၇၅,၅၂၃ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပထမ (၈) လအတွင်း ရော်ဘာစိုက်ခင်းကြီးများနှင့် မိသားစုပိုင် ရော်ဘာခြံငယ် များ၏ စီမံခန့်ခွဲမှု၊ ရိတ်သိမ်းမှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်း လည်ပတ်မှုများသည် ပုံမှန်အတိုင်း ဆက်လက်၍ လည်ပတ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ တာယာထုတ်လုပ်သည့် စက်ရုံအနည်းဆုံး (၆) ရုံ လည်ပတ်လျက်ရှိရာ ယင်းစက်ရုံအားလုံးသည် ပြည်တွင်းထွက် ရော်ဘာများကို ဝယ်ယူအသုံးပြု နေကြသည်။ ရော်ဘာညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ကမ္ဘောဒီးယားနိုင်ငံတွင် စုစုပေါင်း ရော်ဘာစိုက်ဧရိယာ ဟက်တာ ၄၂၅,၄၄၃ ရှိပြီး ၎င်းအနက် ဟက်တာ ၃၃၀,၂၅၉ (၇၈ ရာခိုင်နှုန်း) သည် ရော်ဘာအစေးခြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိပြီ ဖြစ်ကာ ကျန်ဟက်တာ ၉၅,၁၈၄ (၂၂ ရာခိုင်နှုန်း) ကို ပြုစုထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
အစီရင်ခံစာတွင် ဆက်လက်၍ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်အတွင်း ရော်ဘာနှင့် ရော်ဘာ သစ်သားထုတ်ကုန်များ တင်ပို့ရောင်းချခြင်းမှ စုစုပေါင်းဝင်ငွေ ဒေါ်လာသန်း ၆၇၁.၆၈ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၆.၄၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
Source: Phnom Penh Post , 12 September 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)