အမေရိကန်နိုင်ငံသည် အာဖရိကဆန်ဈေးကွက်အတွင်း ၎င်း၏ဈေးကွက်ဝင်ရောက်နိုင်မှုကို ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိရာ အမေရိကန်ဆန်စပါးလုပ်ငန်းကို ကိုယ်စားပြုသည့် ဦးဆောင်အဖွဲ့ အစည်းတစ်ရပ်ဖြစ်သော USA Rice သည် အာဖရိက ၉ နိုင်ငံရှိ ဝယ်ယူသူများထံသို့ အမေရိကန် ဆန်ကို တိုးမြှင့်တင်ပို့နိုင်ရန်အတွက် မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့တွင် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Ecofin Agency သတင်းဌာနက ဖော်ပြပါသည်။
စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်အရ အဆိုပါဆွေးနွေးပွဲသို့ ဘီနင်၊ ကင်မရွန်း၊ ကို့ဒီအိုင်ဗိုရီ၊ ဂါနာ၊ လိုင်ဘေးရီးယား၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါနှင့် ကျူနီးရှား နိုင်ငံတို့မှ သွင်းကုန်လုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များ စုစစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
အမေရိကန်သည် ယခင်က အဆိုပါ အာဖရိကဒေသအတွင်း ခိုင်မာသည့် ပို့ကုန်ဈေးကွက် ရှိခဲ့ဖူးသော်လည်း အာရှဒေသမှ ဆန်ဈေးနှုန်းသက်သာမှုကြောင့် ၎င်းဈေးကွက်များသို့ ဝင်ရောက် နိုင်မှု လျော့နည်းလာခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့၏ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှု စံနှုန်းများနှင့် ပို့ကုန်တားမြစ်ပိတ်ပင်မှုမရှိခြင်းတို့အရ အမေရိကန်နိုင်ငံထံမှ အရည်အသွေးမြင့် ဆန်များ အစဉ်တစိုက်ထောက်ပံ့ပေးနိုင်မှုအပေါ် စိတ်ဝင်စားမှု အခိုင်အမာရှိနေသည်ကို တွေ့မြင်ရ ကြောင်း USA Rice ၏ အာဖရိကဒါရိုက်တာ Eszter Somogyi က ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် အာဖရိကဒေသ၏ ဆန်ဝယ်လိုအား ဆက်လက်မြင့်တက်နေချိန်တွင် ယင်းဈေးကွက်သို့ ပြန်လည်အာရုံစိုက် လုပ်ဆောင်လာခြင်းဖြစ်သည်။ ၂၀၂၅-၂၆ ဈေးကွက်ရာသီ နှစ်တွင် အာဖရိက ဆာဟာရဒေသ တောင်ပိုင်း၏ ဆန်တင်သွင်းမှုသည် တန်ချိန် ၁၉.၁ သန်းရှိပြီး ၂၀၂၂-၂၃ ရာသီနှစ်၌ တင်သွင်းခဲ့သော ဆန်တန်ချိန် ၁၅.၅ သန်းထက် ၂၃ ရာခိုင်နှုန်း တိုးတက် လာမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားသည်။
သို့သော်လည်း အမေရိကန်ဆန်သည် အဆိုပါဆန်ဈေးကွက်ကို လွှမ်းမိုးထားသည့် အာရှမှ ဆန်ပေးသွင်းသူများ အထူးသဖြင့် အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့နှင့် ပြိုင်ဆိုင်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။ လက်ရှိကာလတွင် အာဖရိကသို့ အမေရိကန်၏ ဆန်တင်ပို့မှုသည် နှစ်စဉ် တန်ချိန် ၁၀၀၀၀၀ ဝန်းကျင်ရှိပြီး အဓိကအားဖြင့် ဆီနီဂေါနှင့် ကို့ဒီအိုင်ဗိုရီ နိုင်ငံများသို့ ဦးတည် တင်ပို့ခြင်းဖြစ်ကြောင်း USA Rice အဖွဲ့အစည်း၏ ပြောဆိုချက်အရ သိရှိရသည်။
Source: Ecofin Agency, 12 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)