
အမေရိကန်အစိုးရအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့(အီးယူ)နှင့် စက်မှုအင်အားကြီး ခုနစ်နိုင်ငံ (G7)တို့အား အိန္ဒိယနှင့်တရုတ်နိုင်ငံတို့မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံရန် ဆန္ဒရှိနေကြောင်း FT သတင်းစာကဖော်ပြသည်။
အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံမှရေနံများကို ဆက်လက်ဝယ်ယူ တင်သွင်းနေခြင်း အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ထရမ့်အစိုးရက ဥရောပသမဂ္ဂနှင့် G7 အဖွဲ့တို့အား တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်တွန်းချက်ကို G7 အဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးများက စက်တင်ဘာလ ၁၂ ရက်တွင် အမေရိကန်အစိုးရအဖွဲ့မှ အရာရှိများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံမှရေနံဝယ်ယူမှုကို ငြင်းဆိုမည်ဆိုပါက အိန္ဒိယနှင့်အမေရိကန်တို့အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်နိုင် မည် ဖြစ်သည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဟောင်းဝပ်လက်နစ်က စက်တင်ဘာလ ၁၁ရက်တွင် CNBC သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားသည်။
ထို့ပြင် အမေရိကန်အစိုးရသည် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က ရုရှားနိုင်ငံမှရေနံ ဝယ်ယူနေမှု အပေါ် တုံ့ပြန်သည့်အနေဖြင့် ယင်းနိုင်ငံများမှ တင်ပို့သည့်ပို့ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံသင့်ကြောင်းကို ယခုရက်သတ္တပတ် အစောပိုင်းက ရှင်းလင်းစွာ ပြောကြားခဲ့ကြောင်း အမေရိကန် အရင်းအမြစ်တစ်ခုက ပြောကြားထားကြောင်း သိရသည်။
DOCA(ပြည်ထောင်စုနယ်မြေ)