
အငြင်းပွားမှုဖြေရှင်းရေး အမျိုးသားအာဏာပိုင်အဖွဲ့ (NAADR)၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဘဏ်များအသင်း (ABC) နှင့် ကမ္ဘောဒီးယားအသေးစားငွေရေးကြေးရေးအသင်း (CMA) တို့သည် ဘဏ်လုပ်ငန်းကဏ္ဍတွင် ထိရောက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုမြှင့်တင်ရန် နားလည်မှုစာချွန်လွှာ (MoU လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Chin Malin၊ NAADR ၏ အမြဲတမ်းလက်ထောက်ညွှန်ကြားရေးမှူး Rath Sophorn နှင့် CMA ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ Dith Nita တို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့က ဖနွမ်းပင်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ် (NBC) ၏ ဘဏ်လုပ်ငန်းကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Em Kamnan မှ NAADR ၏ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ၊ ငွေကြေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ခဲ့ကြသည်။ ၆-၉-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲသတင်း ထုတ်ပြန်ချက်များအရ အဆိုပါ နားလည်မှုစာချွန်လွှာသည် ဘဏ်နှင့်ဘဏ္ဍာရေးကဏ္ဍတွင် စေ့စပ်ညှိနှိုင်းရေးနှင့် အငြင်းပွားမှုဖြေရှင်းရေးကဏ္ဍတွင် ခိုင်မာအားကောင်းစေရန်ရည်ရွယ်ပြီး အဖွဲ့အစည်းသုံးခုအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ နားလည်မှုစာချွန်လွှာအရ NAADR ၏ အငြင်းပွားမှုဖြေရှင်းရေးအရာရှိများအပြင် အသင်းအဖွဲ့နှစ်ရပ်လုံး၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ သက်ဆိုင်ရာအရာရှိများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် (၃)ဖွဲ့ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ ယင်းတွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုများ တိုးမြှင့်ပေးခြင်းအပြင် တရားရုံးပြင်ပအငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါဝင်သည်။ CMA သည် ၎င်း၏တရားဝင်မီဒီယာအကောင့်မှတစ်ဆင့် ကမ္ဘောဒီးယားဘဏ္ဍာရေးကဏ္ဍ၏ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်အရ တာဝန်ယူမှု ရှိသော ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမည့် သဘောတူညီချက်သည် ပိုမိုကောင်းမွန်သော စားသုံးသူကာကွယ်ရေးကိုမြှင့်တင်ရန် မျှော်လင့်ထားကြောင်း အလေးပေးဖော်ပြခဲ့သည်။ CMA သည် ယခင်က ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးကဏ္ဍအတွက် ကျင့်ဝတ်စည်းကမ်းတစ်ရပ်ကို မိတ်ဆက်ခြင်း၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းရေးယန္တရားကို တည်ထောင်ခြင်း၊ ချေးငွေစာချုပ်စံနှုန်းများ သတ်မှတ်ခြင်းနှင့် စားသုံးသူအကာအကွယ်ပေးရေးတို့ကို အဓိကထားဆောင်ရွက်သည့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)