
ကျောက်ဆည်ခရိုင်အတွင်းတွင် မိုးစပါးများကို ဇွန်လမှစတင်၍ စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည် ။ မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ခရိုင်အတွင်း (၅၉၉၇၁)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၁၉၆၅၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည် ။ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့် ပတ်ကြဲစိုက်ပျိုးမှုများကို စိုက်ပျိုးကြကြောင်း၊ မိုးစပါးစိုက်ပျိုးမှု တွင်(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၀၃၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့်(၈၀-၈၅) တင်းခန့် ထွက်ရှိကြောင်း၊စပါးစျေးနှုန်းအနေဖြင့်ဧရာပဒေသာ တစ်တင်းလျှင်(၂၈၀၀၀/-)ကျပ်၊ မနောသုခတစ်တင်းလျှင်(၂၁၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ရောင်းဝယ်ခဲ့သောကြောင့် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၁၂၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ စပါးစျေးနှုန်းအနေ ဖြင့် ဧရာပဒေသာ(အဟောင်း) တင်း(၁၀၀)လျှင်(၂၈၀၀၀၀၀/-)ကျပ် ၊ မနောသု(အဟောင်း)တင်း (၁၀၀)လျှင်(၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာ ဆန်(အဟောင်း) တစ်အိတ်လျှင်(၁၃၅၀၀၀/-)ကျပ် ၊ မနောသုခ တစ်အိတ်လျှင်(၉၂၀၀၀/-)ကျပ်၊ နွေစပါး(အသစ်) မနောသုခ တင်း(၁၀၀)လျှင်(၁၃၀၀၀၀၀/-)ကျပ် ၊ မနောသုခဆန် တစ်အိတ်လျှင် (၆၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပွဲစားများထံမှ သိရှိရပါသည်။ယခုအချိန် တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မိုးစပါး စိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)