ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်ကာလကို ဖိလစ်ပိုင် တိုးမြှင့်ဖွယ်ရှိ

Powered by Drupal

      ဖိလစ်ပိုင်နိုင်ငံ၌ စပါးဈေးနှုန်းများ တိုးတက်ကောင်းမွန်လာခဲ့ပြီးနောက် လက်ရှိချမှတ်လုပ် ဆောင်လျက်ရှိသော ဆန်တင်သွင်းမှု ၂ လကြာဆိုင်းငံ့ခြင်းကို ဆက်လက်၍ ကာလတိုးမြှင့်သွား ဖွယ်ရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနက စက်တင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

      စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ၎င်းအနေဖြင့် ကိန်းဂဏန်း အချက်အလက်များ အတည်ပြုခြင်းမပြုမီ ဆန်တင်သွင်းမှု ပိတ်ပင်ထားမည့်ကာလကို အနည်းဆုံး ၁၅ ရက်မှ ရက် ၃၀ အထိ တိုးမြှင့်သွားရန် သမ္မတထံသို့ အကြံပြုတင်ပြလိုကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

    စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော ရက် ၆၀ ကြာ ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်အမိန့်ကို သမ္မတ Ferdinand Marcos Jr. က ဩဂုတ်လ၌ ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က ဈေးနှုန်းချိုသာသည့် ဆန်များတင်သွင်းမှုကြောင့် လယ်ကွင်းမှ ရိတ်သိမ်းရောင်းချသည့် စပါးများ ၏ ဈေးနှုန်းများမှာ ထုတ်လုပ်မှုကုန်ကျစရိတ်၏ အောက်သို့ လျော့နည်းကျဆင်းရခြင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုခဲ့သည်။

    စပါး ၁ ကီလိုဂရမ်၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၁၄ ပီဆိုနှုန်း ဝန်းကျင်ရှိပြီး လုပ်ငန်း ကျွမ်းကျင်မှုရှိသော တောင်သူများအတွက် ထုတ်လုပ်မှုစရိတ်သည် စပါး ၁ ကီလိုဂရမ်လျှင်  ၁၂ ပီဆိုနှုန်း၏ အောက်၌ရှိကြောင်း၊  ဆန်တင်သွင်းမှုကို ဆိုင်းငံ့ခြင်းမပြုမီ၌ စပါးအစို ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၈ ပီဆိုမှ ၁၀ ပီဆိုနှုန်းထားအထိ ကျဆင်းခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတောင်ပိုင်း Mindanao ကျွန်း၏ အချို့နေရာများတွင် ၁ ကီလိုဂရမ်လျှင် ၁၇ ပီဆိုနှုန်းအထိ မြင့်တက်လာပြီဖြစ် ကြောင်း၊ Isabela နှင့် Nueva Ecija ကဲ့သို့သော ပြည်နယ်များ၌ ၁ ကီလိုဂရမ်လျှင် ၁၃ ပီဆိုမှ ၁၄ ပီဆိုအတွင်း ဈေးနှုန်းမြင့်တက်လာကြောင်း၊ ထိုသို့ဈေးနှုန်းမြင့်တက်လာမှုများသည် လယ်သမား အများစုအတွက် အကျိုးဖြစ်ထွန်းမှု မရှိသေးသော်လည်း တိုးတက်မှုရရှိလာခြင်းဖြစ်ကြောင်း Mr. Tiu Laurel က ပြောဆိုခဲ့သည်။

     ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ဆန်တင်သွင်းမှု ပိတ်ပင်ထားခြင်းကို ကာလလျှော့ချ မည် သို့မဟုတ် တိုးမြှင့်မည် ဟူသည့် အကြံပြုချက်ကို စက်တင်ဘာလ မကုန်ဆုံးမီ တင်ပြသွား ဖွယ်ရှိသည်။ ဆန်အကောက်ခွန်နှုန်းထား သတ်မှတ်ခြင်း ဥပဒေ ၂၀၁၉ ကို ပြင်ဆင်လျက် ဆန် တင်သွင်းမှုပမာဏ စီမံခန့်ခွဲခြင်းနှင့် ဈေးကွက်ထိန်းချုပ်ခြင်း ကဲသို့သော အချို့သော ကြီးကြပ်မှု လုပ်ငန်းရပ်များကို အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သို့ ပြန်လည်အခွင့်အပ်နှင်းသည့် ပြင် ဆင်မှုများအား ပြုလုပ်သင့်ကြောင်း အဆိုပါဦးစီးဌာနက ထပ်လောင်းပြောကြားထားပါသည်။

    အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့တွင် မကြာသေးမီက ခေါင်းဆောင်မှုအပိုင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့မှုသည် စိုက်ပျိုးရေးကော်မတီများ၏ သဘာပတိဦးစီးလုပ်ဆောင်မှု များအပေါ် သက်ရောက်မှုမရှိသဖြင့် အဆိုပါ ဥပဒေပြင်ဆင်ခြင်းကို အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့်  အထက်လွှတ်တော် စိုက်ပျိုးရေးကော်မတီနှင့် အောက်လွှတ်တော် စိုက်ပျိုးရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တွေ့ဆုံလျက် အဆိုပြုထားသည့် ပြင်ဆင်ချက်များကို အပြီးသတ် အတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း Mr. Tiu Laurel က ပြောကြား ခဲ့ပါသည်။

Source : Manila Times, 20 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)