၂၀၂၅ ဧပြီမှ ဩဂုတ်အတွင်း အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုတန်ဖိုး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်း

Powered by Drupal

   အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံဝယ်ယူတင်သွင်းမှုမှာ ယခင်နှစ်၌ စံချိန်တင်မြင့်မားခဲ့သော်လည်း မကြာသေးမီ လများအတွင်း ဝယ်လိုအားနည်းပါးမှုနှင့် ဈေးနှုန်းများကျဆင်းမှုတို့အရ တင်သွင်းမှု နှေးကွေးလျော့နည်းလာခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

    အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ယခုနှစ် ဧပြီလမှ ဩဂုတ်လ အတွင်း ပဲမျိုးစုံတင်သွင်းမှုတန်ဖိုးသည် ဒေါ်လာ ၈၄၁.၁၁ သန်းရှိပြီး ယခင်နှစ်ကာလတူ၌ တင်သွင်း ခဲ့မှုတန်ဖိုး ဒေါ်လာ ၁.၇၆၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရ သည်။ ယခင်နှစ် ဩဂုတ်လ၌ ဒေါ်လာသန်း ၃၂၀ တန်ဖိုးရှိသော ပဲမျိုးစုံ တင်သွင်းခဲ့မှုနှင့် နှိုင်းယှဉ် ပါက ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁၁၄.၈၇ သန်းသို့ ကျဆင်းခဲ့ပြီး ၆၄ ရာခိုင်နှုန်းအထိ လျော့နည်းလျက်ရှိသည်။

    ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုတွင် ပဲစင်းငုံမှအပ ကျန်ပဲများ အားလုံး တင်သွင်းမှုလျော့ကျခဲ့သည်။ အဆိုပါကာလအတွင်း မတ်ပဲတင်သွင်းမှုသည် တန်ချိန် ၂.၃၀ သိန်းရှိပြီး ယခင်နှစ်ကာလတူ၌ တင်သွင်းခဲ့သော တန်ချိန် ၂.၅၆ သိန်းနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင် နှုန်း ကျဆင်းခဲ့သည်။ စားတော်ပဲဝါ တင်သွင်းမှုမှာလည်း တန်ချိန် ၂.၇၃ သိန်းသာရှိပြီး ယခင်နှစ် အလားတူကာလ တင်သွင်းခဲ့မှု တန်ချိန် ၉.၃၂ သိန်းအပေါ် ၇၁ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့သည်။

    ဧပြီလမှ ဇူလိုင်လအထိ ကာလအတွင်း ကုလားပဲတင်သွင်းမှုမှာ ၂၇၈၀၂ တန်သာရှိပြီး ၅၂ ရာခိုင်နှုန်း ကျဆင်းကြောင်း၊ ပဲနီလေး တင်သွင်းမှုမှာလည်း တန်ချိန် ၁.၇၆ သိန်းဖြင့် ၃၇ ရာခိုင်နှုန်း လျော့ကျကြောင်း၊ သို့သော် ပဲစင်းငုံတင်သွင်းမှုမှာ ၆ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၂.၉၂ သိန်း ရှိ ကြောင်း သိရှိရသည်။

    ပဲမျိုးစုံ ကုန်သွယ်ရောင်းဝယ်သည့် Igrain India ကုမ္ပဏီမှ လုပ်ငန်းရှင် Rahul Chauhan က ၎င်းတို့အနေဖြင့် ယခင်ဘဏ္ဍာနှစ်၌ ပဲမျိုးစုံကို စံချိန်တင် တင်သွင်းခဲ့ကြောင်း၊ ဝယ်လိုအား လျော့နည်းလာချိန်တွင် ပဲမျိုးစုံဝယ်ယူရရှိလွယ်မှုမှာ ပြည်တွင်းထုတ်လုပ်မှုနှင့်အတူ တိုးတက်လာ ခဲ့ကြောင်း၊ ရလဒ်အားဖြင့် ပြည်ပမှတင်သွင်းမှုမှာ နှေးကွေးကျဆင်းလာခြင်းဖြစ်ကြောင်း၊ ထို့အပြင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများ၌ ဈေးနှုန်းများ ကျဆင်းမှုအရ အိန္ဒိယ ဆိပ်ကမ်းအရောက် တန်ဖိုးသည်လည်း လျော့ကျလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

    ယခုနှစ် မိုးသီးနှံရာသီ၌ အိန္ဒိယ၏ ပဲမျိုးစုံ စိုက်ပျိုးမှုအခြေအနေမှာ စက်တင်ဘာ ၁၂ ရက် နေ့အထိ ဧရိယာ ဟက်တာပေါင်း ၁၁၈ သိန်း စိုက်ပျိုးထားရှိပြီး ယခင်နှစ်ကာလတူ၌ စိုက်ပျိုးနိုင်ခဲ့ သည့် ဟက်တာ ၁၁၇.၂၅ သိန်းထက် အနည်းငယ်ကျော်လွန်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် ဩဂုတ်လ နှင့် စက်တင်ဘာလများအတွင်း မိုးလွန်ကဲစွာ ရွာသွန်းမှုများကြောင့် ပဲတီစိမ်းနှင့် မတ်ပဲတို့ကဲ့သို့ သော ပဲမျိုးများမှာ အထွက်ထိခိုက်ဖွယ်ရှိနေကြောင်း သိရှိရသည်။

Source: The Hindu Business Line, 19 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)