ဆန်တန်ချိန် ၅၀၀၀၀ တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရ အဝယ်တင်ဒါခေါ်ယူ

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစိုးရဝယ်ယူရေးလုပ်ကိုင်သည့်ဌာနသည် ဆန်မက်ထရစ်တန်ချိန် ၅၀၀၀၀ ဝယ်ယူရန် နိုင်ငံတကာ အဝယ်တင်ဒါတစ်ရပ်ကို ခေါ်ယူခဲ့ကြောင်း ဥရောပကုန်သည်များ က စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ စျေးနှုန်းကမ်းလှမ်းမှုများကို တင်သွင်း ရန် နောက်ဆုံးရက်မှာ အောက်တိုဘာလ ၆ ရက်နေ့ ဖြစ်ကြောင်း သိရသည်။

    အဆိုပါတင်ဒါတွင် ဘာစမာတီမဟုတ်သော ပေါင်းဆန်ကို Chittagong နှင့် Mongla  ဆိပ်ကမ်းများသို့အရောက် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ပါဝင်ပြီးဖြစ်သော ဆိပ်ကမ်းအရောက် CIF ဈေးနှုန်းများဖြင့် ကမ်းလှမ်းရန် ဖော်ပြထားကြောင်း သိရသည်။

    ဆန်တင်သွင်းမှု အရင်းအမြစ်အဖြစ် အစ္စရေးနိုင်ငံမှအပ ကမ္ဘာ့မည်သည့်ပင်ရင်းဒေသမှမဆို  တင်ပို့နိုင်ပြီး စာချုပ်ချုပ်ဆိုပြီးနောက် ရက်ပေါင်း ၄၀ အတွင်း သင်္ဘောတင်ပို့နိုင်ရန် လိုအပ်ကြောင်း၊ ၂၀၂၅ ခုနှစ်ထွက် စပါးသီးနှံမှ ကြိတ်ခွဲသည့်ဆန်ကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါတွင် တင်သွင်းသော စျေးနှုန်းကမ်းလှမ်းချက်များသည် အောက်တိုဘာလ ၂၀ ရက်နေ့ အထိ တည်မြဲရမည်ဖြစ်ကြောင်း သိရှိရသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန်တင်သွင်းမှုများနှင့် စပါးရိတ်သိမ်းမှု အထွက်နှုန်းကောင်းမွန်ခြင်း ကြောင့် ပြည်တွင် သိုလှောင်မှုလက်ကျန်မှာ တိုးမြင့်လျက်ရှိသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိသည်ဟု ကုန်သည်များက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ဆန် ဈေးနှုန်းများသည် လွန်ခဲ့သည့် တစ်နှစ်တာကာလကထက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်နေဆဲဖြစ်သည်။

Source: Business Recorder, 23 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)