
မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးတွင် စက်တင်ဘာလဆန်း၌ ရာသီစာမှိုအုန်းနက်များ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မိုးတွင်ကာလ ပေါက်လေ့ရှိတဲ့မှိုကို မိတ္ထီလာမြို့ အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြရာ မိုးဦးကျ ဝါဆို၊ ဝါခေါင်လများကပေါ်သည့် ဝါဆိုမှိုကို ရောင်းချခဲ့ရပြီး ယခုအခါမှာတော့ တော်သလင်း၊ သီတင်းကျွတ်လများမှာ ပေါက်လေ့ရှိတဲ့ မှိုအုန်းနက်များ ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။ မှိုအုန်းနက်များမှာ ရိုးတံရှည်ရှည်လေးဖြင့် စားသုံးရာတွင်လည်း စပ်ချွဲချွဲအရသာရှိသည့်အတွက် စားသုံးသူများ နှစ်သက်ကြပါတယ်။ ရာသီစာမှိုအုန်းနက်ကို မိတ္ထီလာမြို့ ပေါက်ချောင်းဈေးမှာတော့ အစီးသေးတစ်စီးလျှင် (၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ် ဈေးတို့ဖြင့် ရောင်းချရကြောင်း လက်လီရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)