
အင်ဒိုနီးရှားနိုင်ငံ ဒုတိယစိုက်ပျိုးမွေးမြူရေးဝန်ကြီး Sudaryono က ၂၀၂၅ ခုနှစ်တွင် နိုင်ငံ ၏ ဆန်ထုတ်လုပ်မှုသည် စံချိန်တင် တန်ချိန် ၃.၅ သန်းပိုလျှံရန်ခန့်မှန်းရပြီး ပြည်တွင်းလိုအပ်ချက် ကို ဖြည့်စည်းနိုင်သည့်အတွက် နှစ်ကုန်အထိ တင်သွင်းရန် မလိုအပ်ကြောင်း အတည်ပြုခဲ့ပါသည်။ ဝန်ကြီးက ၂၀၂၅ ခုနှစ်ကုန်တွင် နိုင်ငံ၏ဆန်ထုတ်လုပ်နိုင်စွမ်းသည် ခန့်မှန်း ၃၃ သန်းမှ ၃၄ သန်း ထိရောက်ရှိရန် ခန့်မှန်းရပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃.၅ သန်းပိုလျှံနိုင်ကြောင်း စိုက်ပျိုးရေး ကျောင်းသားများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။ သို့သော် Sudaryono က၂၀၂၄ ခုနှစ်အတွက် ထုတ်လုပ်မှုအတိအကျကိန်းဂဏန်းကို မပြောခဲ့ပဲ ယခုနှစ်ထုတ် လုပ်မှုသည် ယခင်နှစ်ထက်မြင့်မားကြောင်းကိုသာ အသားပေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ANTARA ၏ ဖော်ပြချက်အရ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က ၂၀၂၄ ခုနှစ်ကုန်ဆန်ထုတ်လုပ်မှုမှာ တန်ချိန်သန်း ၃၀ ကိုကျော်ဖြတ် နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ Sudaryono က စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည် စိုက်ပျိုးသည့် ဧရိယာများကိုသာတွက်ချက်ပြီး အထွက်နှုန်းကို အင်ဒိုနီးရှားစာရင်းအင်းရုံးက တွက်ချက်ကြောင်းနှင့် ဆန်စိုက်ပျိုးသည့်ဧရိယာ ပိုမိုများပြားပါက အထွက်နှုန်းပိုမိုများပြားရန် အလားအလာရှိကြောင်း ပြောကြားခဲ့ပါသည်။ ခေတ်မီစိုက်ပျိုးရေးစက်ပစ္စည်းများအသုံးပြုခြင်း၊ မြေဩဇာအသုံးပြုမှု သင့်လျော်မျှတခြင်းနှင့် သင့်လျော်သော်ရာသီဥတုအခြေအနေတို့ပါဝင်သည့် များစွာသောအချက်များကလည်း အထွက် နှုန်းမြင့်တက်မှုကို ပံ့ပိုးပေးကြောင်း သိရပါသည်။ အစိုးရမူဝါဒများကလည်း အရေးပါသောကဏ္ဍ တွင်ရှိနေပြီး အထူးသဖြင့်လုပ်သားများအား အရှိန်မြှင့်ထောက်ပံ့ပေးခြင်းသည် စိုက်ပျိုးရေး သမားများအား စိုက်ပျိုးသည့်ဧရိယာများတိုးချဲ့ရန် တွန်းအားပေးနိုင်မည်ဟု သိရပါသည်။ Sudaryono က အခွံမချွတ်ရသေးသည့်စပါး တစ်ကီလို ဂရမ်လျှင် ရူပီး ၆၅၀၀ ဈေးနှုန်းက အဓိကမက်လုံးတစ်ခုဖြစ်နေပြီး စိုက်ပျိုးရေးသမားများအား စိုက်ပျိုးမှုမြှင့်တင်ရန် စိတ်ခွန်အားပေး နိုင်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)