စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု

Powered by Drupal

      လူ့သမိုင်းတစ်လျှောက်လုံးတွင် လူသားတို့သည် အဆင့်ဆင့်သော ပြောင်းလဲ ရေးများကို ဖြတ်သန်းလာခဲ့ရပြီး လူသားတို့၏ အသိဉာဏ်တိုးတက်လာသည်နှင့်အမျှ တိုးတက် ပြောင်းလဲမှုများသည်လည်း အရှိန်အဟုန်မြင့်မားလာခဲ့ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိ သော အရာများအပေါ်တွင် သက်ရောက်မှုရှိသော စက်မှုတော်လှန်ရေးသည်လည်း လူ့သမိုင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

      စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်း နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်လာ မှုကို အဓိကတွန်းအားပေးသော အရာဖြစ်သည်ဟု ပညာရှင်များကမှတ်ယူကြပေသည်။ နိုင်ငံများကို ယေဘူယျအားဖြင့် ဝင်ငွေနိမ့်ကျသောနိုင်ငံ ( Low income incountry) ၊ ဝင်ငွေအလယ်အလတ် ရှိသော နိုင်ငံ( Middle income incountry)၊ ဝင်ငွေမြင့်မားသောနိုင်ငံ ( High income incountry) ဟူ၍ ခွဲခြားသတ်မှတ်ကြပါသည်။ ထို့အပြင်နိုင်ငံတစ်နိုင်ငံ၏ တိုင်းပြည်ဝင်ငွေ (သို့) စုစုပေါင်း တိုင်းပြည် ထုတ်ကုန်(GNP) ၊ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) တို့ကို စိုက်ပျိုးရေး၊ စက်မှု လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းဟူသော အမျိုးအစားများခွဲကာ မည်သည့်နိုင်ငံသည် မည်သည့် အမျိုးအစားသော စီးပွားရေးလုပ်ငန်းများအများဆုံးပါဝင်သည်ကိုလေ့လာသုံးသပ်ကြပါသည်။

    စက်မှုထွန်းကားသောခေတ်နှင့်အညီ စက်မှုထွန်းကားအလွန်ခေတ်ဟူ၍လည်း လုပ်သား ထုတ်လုပ်မှုရှုထောင့်မှလည်းလေ့လာသုံးသပ်ကြပါသည်။ စက်မှုထွန်းကားလာခြင်းသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးပေါ်တွင်သာမကပဲ လူသားတို့၏ အသက်ရှင်ရပ်တည်ရေး၊ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲလာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များအပေါ်တွင်ဆိုးရွားစွာ သက်ရောက် လာခြင်း၊ နိုင်ငံတွင်းနှင့် နိုင်ငံများအကြားမညီမျှမှုများကို ပိုမိုကြီးထွားလာခြင်း အစရှိသော ပြဿနာများနှင့် ပတ်သက်ဆက်နွှယ် မှုရှိကြောင်းကိုတွေ့ရှိရပါသည်။

     ယနေ့ကမ္ဘာတွင်ဖွံ့ဖြိုးတိုးတက်ရေးဟူသောစကားသည် အလွန်ရေပန်းစားကာ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းသုံးစွဲကြပေသည်။ ထိုအထဲတွင်မှ အမျိုးအစားများခွဲခြားကာစီးပွားရေး တိုးတက်မှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု စသည်ဖြင့် ခွဲခြားကာ လေ့လာဆန်းစစ်ကြလျှက်ရှိပါသည်။ ဖွံ့ဖြိုးတိုးတက်မှုဟူသောစကားလုံးကို အဓိပ္ပါယ်အမျိုးမျိုးဖြင့် ရှုထောင့်အမျိုးမျိုးမှ ဖွင့်ဆိုကြပါသည်။ အခြေခံအကျဆုံးသော အဓိပ္ပွါယ် တစ်ခုမှာ  မူရင်းရှိရင်းစွဲ အခြေအနေတစ်ခုမှ ပိုမိုကောင်းမွန်သောအခြေအနေတစ်ခုဆီသို့ ပြောင်းလဲ ဖြစ်စဉ်ဟု ဆိုရပေလိမ့်မည်။ ဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာအောင် ဖော်ဆောင်ဆောင်ရွက်ရာ တွင် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ၎င်းတို့၏ ဦးစားပေးအရာများ၊ မဟာဗျူဟာများနှင့် မူဝါဒများ ရှိကြပေသည်။ ထိုမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖက်ဖက်မှ ချင့်ချိန် စဉ်းစားပြီး အကောင်းဆုံးနှင့် အမှန်ကန်ဆုံးဖြစ်ရန်လိုအပ်လျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအောင် လုပ်ဆောင်ရာတွင်လည်း လူနည်းစုအရင်းရှင်များအတွက်သာ အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ မဖြစ်အောင် အခြေခံလူတန်းစားများ၏ အကျိုးစီးပွား ကိုပါ ကာကွယ်စောင့်‌ရှောက်မြှင့်တင် ပေးနိုင်သောမူဝါဒများ ဖြစ်ရန်လည်းလိုအပ်ပေသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်တံ့သောဖွံ့ဖြိုး တိုးတက်မှု ဖြစ်ရန်လည်းလိုအပ် ပါသည်။

          ၂၀၁၅ အလွန်ကာလသို့ရောက်ရှိလာသောအခါ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြည့်စွက်စဉ်းစား လာကြပြီး ၂၀၃၀ခုနှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုများအမည်ရှိသော  (၁၇)ချက်ပါဝင်သော သဘောတူညီချက်ကို တစ်ရပ်ကို အတည်ပြု ဆုံးဖြတ်ခဲ့ကြပေသည်။ ထိုအချက်(၁၇) ချက်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ငတ်မွတ် ခေါင်းပါးမှု မရှိစေရေး၊ ကောင်းမွန်သောကျန်းမာရေး စောင့်‌ရှောက်မှုရရှိစေရေး၊ အရည်အချင်းပြည့်ဝသော ပညာရေးရရှိရေး၊ ကျား-မ တန်းတူညီမျှမှု ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး၊ လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသောစွမ်းအင်ရရှိရေး၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးမှုရရှိရေး၊ စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အအုံမြှင့်တင်ရေး၊ မညီမျှမှုများ လျော့နည်းသွား စေရေး၊ ရေရှည်တည်တံ့သော မြို့ပြဒေသများနှင့် ကျေးလက်လူမှု အဖွဲ့အစည်းများ ထူထောင် ရေး၊ တာဝန်သိသော စားသုံးမှု ပုံစံဖြစ်ပေါ်လာစေရေး၊ ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး၊ ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်‌ရှောက် ရေး၊ မြေပေါ် သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး၊ ရည်မှန်းချက်များ အားလုံးအတွက်မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး တို့ဖြစ်ပါသည်။

      ရေရှည်တည်တံ့ဖွံ့ဖြိုးမှုဆိုသည်မှာ လူမှုကမ္ဘာနှင့် သဘာဝကမ္ဘာကို လူသားတို့၏ အတွေး အခေါ်များနှင့် လုပ်ရပ်များအပေါ်  အမှီသဟဲပြုလျက် အခြေအနေကို ဖန်တီးခြင်းဖြစ်ပေသည်။  လူသားတို့၏ အတွေးအခေါ်နှင့် လုပ်ရပ်များသည် သိပ္ပံပညာရပ်နှင့်အတူ တဖြည်းဖြည်းတိုးတက် လာခဲ့သော်လည်း သဘာဝကမ္ဘာအတွက်တွင်မူ အနုတ်သဘောဆောင်မှုများသာ ဖြစ်ပေါ်လာခဲ့ပါ သည်။ စက်မှုလုပ်ငန်းများတိုးတက်ထွန်းကားလာပြီး  လူသားတို့၏ လူနေမှုအဆင့်အတန်းများနှင့် လိုအင်ဆန္ဒများကို အလွယ်တကူ ပြည့်ဝလာခဲ့သော်လည်း  ထိုစက်မှုလုပ်ငန်းများ တိုးတက်လာခြင်း ကြောင့်  လူမှုကမ္ဘာတွင် လူသားများ၏  ကျန်းမာရေးပြဿနာများ၊ မညီမျှသော လူမှုရေးပြဿနာ များအပြင် လူသားများအပေါ် အဓိကရိုက်ခတ်လာသော  သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု များ၊ ဂေဟစနစ်များဆိုးရွားစွာပျက်ဆီးခြင်းများစသော သဘာဝကမ္ဘာမြေပျက်ဆီးခြင်း၏ အကျိုး ဆက်ကို လူသားများက ခံစားရပါသည်။ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းကို လူမှုစီးပွားရေးနှင့် ‌ဂေဟဗေဒတို့၏ ရှုထောင့်မှလည်း လေ့လာကြပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် အတွက် မည်ကဲ့သို့ ပြုမူလုပ်ဆောင်ရမည်ကို ပညာရှင်များက အကြံပြုကြပါသည်။ ကမ္ဘာလူဦး ရေသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့ပြီး စိုက်ပျိုးထုတ်လုပ်ရေးသည်လည်း နှစ်ဆခန့် တိုးတက်လာခဲ့ပေသည်။  ထို့ကြောင့် စက်မှုလုပ်ငန်းများတိုးတက်လာခြင်းကြောင့် သက္ကရာဇ် ၁၉၀၀ မှစတင်ကာ ကမ္ဘာ့စီးပွားရေးသည်လည်း နှစ်စဉ်၃ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါသည်။ ထိုကဲ့သို့ တိုးတက်လာသည်နှင့်အမျှ  သဘာဝအရင်းမြစ်များဖြစ်သော သတ္တုများနှင့် စွမ်းအင်သုံးစွဲမှုနှုန်း များလည်း မြှင့်တက်လာခဲ့ပါသည်။  လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ပါဝင်မှုသည် လည်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိမြှင့် တက်လာခဲ့ပါသည်။ ရေထုနှင့် မြေထုထဲတွင် နိုက်ထရိုဂျင်နှင့်ဖော့စဖိတ်ပါဝင်မှုနှုန်းသည်လည်း ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပြီး ရေအရင်း မြစ်ညစ်ညမ်းမှုများနှင့် မြေဆီလွှာပျက်ဆီးမှုများကိုပါ ဖြစ်ပေါ်စေခဲ့ပါသည်။

   ဆင်းရဲနွမ်းပါးမှု ပြဿနာသည် တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော ကမ္ဘာလုံးချီ ပြဿနာ တစ်ခု ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုဟူသော စကား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း အမျိုးမျိုးသော ရှုထောင့်မှ ဖွင့်ဆိုကြပါသည်။  ဆင်းရဲနွမ်းပါးမှုကို လျော့ချရာတွင် အဓိက အရေးပါသော အရာ သုံးခုမှာ  (၁) ဝင်ငွေ၊ (၂) ရုပ်ဝတ္ထုချို့တဲ့မှု နှင့် (၃) စွမ်းရည်ချို့တဲ့မှု တို့ဖြစ်ပါသည်။ ထိုဆင်းရဲနွမ်းပါး မှုသည် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသောအရာဟု ဘောဂဗေဒပညာရှင်အများစုက ယူဆကြပါသည်။ ထို့ကြောင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဆင်းရဲနွမ်းပါးမှု အပေါ် သက်ရောက်မှုများစွာရှိနေသည်ဟုလည်း လေ့လာတွေ့ရှိရပါသည်။  ကောင်းမွန်သော အစိုးရ၊ အကျိုးရှိသောမူဝါဒ များ၊ မှန်ကန်သော အုပ်ချုပ်မှုနည်းစနစ်များ အစရှိသော အုပ်ချုပ်ရေးမဏ္ဍိုင်၏ အရေးပါမှုသည်လည်း စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းက ဆင်းရဲနွမ်းပါးမှုအပေါ် အပေါင်း လက္ခဏာ သက်ရောက်ခြင်းလား၊ အနုတ်လက္ခဏာ သက်ရောက်ခြင်းလားဟူသည်ကို အဓိက အဆုံးအဖြတ်ပေးနေပေသည်။

    နိုင်ငံတစ်နိုင်ငံ၏ စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှုသည် အလယ်အလတ်တန်းစား လူဦးရေတိုးပွား လာအောင်ပြုလုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခြင်း၊ အခြေခံ အဆောက်အအုံများကို စနစ်တကျနှင့် တိုးပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင် အပေါ်တွင် သက်ရောက်မှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေခြင်း၊ မျှတသောယှဉ်ပြိုင်မှုကို အားပေးခြင်းစသော အရာများကို ဦးတည်ခြင်းမရှိဘဲ လူနည်းစုအရင်းရှင်များသာ  ကြီးပွားစေခြင်း၊ လူလတ်တန်းစား များကို ပိုမိုဖိနှိပ်မှုများဖြင့် လူတန်းစားကွာဟမှုများကို ပိုမိုဖြစ်ပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှုများကို လျစ်လျူရှုမှုများ  ပြုမူခြင်းစသော  လူ့အဖွဲ့အစည်းအတွင်း အနုတ်လက္ခဏာ များကို ဖြစ်ပေါ် စေနိုင်ပါသည်။

     စက်မှုလုပ်ငန်းများတိုးတက်လာခြင်းကြောင့် အလွန်အမင်း မြို့ပြဆန်လာခြင်း၊ ကျေးလက် ဒေသမှ မြို့ပြများဆီသို့  အစုလိုက် အပြုံလိုက်လာခြင်း၊  ကျေးလက်မြို့ပြကွာဟမှုများ လာခြင်းတို့ သည်လည်း ရေရှည်တည်တံ့မှုသောဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေသော အဓိကအချက်များ အဖြစ်ပါဝင်ပါသည်။  အထူးစီးပွားရေးဇုန်များ ၊ အမြန်လမ်းမကြီးများ၊ ရေနက်ဆိပ်ကမ်းများ အစရှိသော စက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၏ နောက်ဆက်တွဲ အပြုအမူများကြောင့် ကျေးလက်ဒေသနေ ဒေသခံများ၏ လယ်ယာမြေများ မတရားသိမ်းပိုက်ခံရခြင်း၊ သဘာဝ‌ဘေး အန္တရာယ်များခံစားရပြီး  အလုပ်အကိုင်များ ရှားပါးလာခြင်းတို့ကြောင့် မိမိတို့‌ဒေသများကို စွန့်ခွါကာ မြို့ပြများဆီသို့ လူသားများ‌ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်စေကာ လူနေမှုပိုမိုထူထပ်လာပြီး ကျန်းမာရေး၊ ပညာရေး၊လူမှုရေးအစရှိသော မညီမျှမှု ပြဿနာများ ကိုဖြစ်ပွားစေပါသည်။ ထိုမညီမျှမှုများကြောင့် ကျား/မ တန်းတူညီမျှမှုများကို ပိုမိုကွာဟစေခြင်းများ၊ မှုခင်းများပိုမိုထူပြောလာပြီး လူသားလုံခြုံရေး ပါ ထိခိုက်လာစေနိုင်ပါသည်။

     သဘာဝပတ်ဝန်းကျင် ပျက်ဆီးထိခိုက်မှုစစ်တမ်းစသော သဘာဝပတ်ဝန်းကျင်  ပျက်ဆီးမှုကို လေ့လာသော ကြိုးပမ်းအားထုတ်မှုသည်လည်း စက်မှုလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက် လာရာတွင်  အရေးပါလှပေသည်။  ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတွင် စီးပွားရေး စွမ်းဆောင်ရည်မြင့်မားမှု ၊ လူမှုရေးတန်းတူညီမျှမှု ၊ လူသားများလုံခြုံရေး၊ ဂေဟစနစ်တည်မြဲရေးနှင့် ပြန်လည် ပြုပြင်ရေး တို့အဓိကပါဝင်ပါသည်။  ထိုကဲ့သို့ အခြေခံတန်ဖိုးများကို  ဖော်ဆောင်ပေးရန် အတွက်  စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအစိတ်အပိုင်းဖြစ်သော နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများအား လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံလုပ်ငန်းများအား လုပ်ကိုင် စေခြင်းဖြင့် ရေရှည်တည်တံ့သော စက်မှုလုပ်ငန်းများကို ဖော်ဆောင်နိုင်ပါကြောင်းရေးသား တင်ပြ လိုက်ရပါသည်။

DOCA(ရန်ကုန်)