
ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ (၈)လအတွင်း သိသိသာသာ ကျဆင်းခဲ့ ပြီး ကမ္ဘာ့စျေးကွက်တွင် ထုတ်လုပ်မှုပိုလျှံခြင်း၊ သွင်းကုန်ဝယ်လိုအား ကျဆင်းခြင်းနှင့် ထိုင်းဘတ် ငွေ တန်ဖိုးတက်လာခြင်းတို့ကြောင့် ဆန်တင်ပို့မှုပမာဏနှင့် ဈေးနှုန်းတို့ ကျဆင်းခဲ့သည်။
နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၅.၀၄ သန်းရှိပြီး ယခင်နှစ် အလားတူကာလ၌ တင်ပို့ခဲ့သော တန်ချိန် ၆.၆၃ သန်းနှင့်နှိုင်းယှဉ်ပါက ၂၃.၉၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆန်ပို့ကုန်တန်ဖိုးအရမူ ယခင်နှစ်၌ အမေရိကန်ဒေါ်လာ ၄.၃၀ ဘီလီယံ (ဘတ်ငွေ ၁၅၃.၉၁ ဘီလီယံ) ရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၉၈ ဘီလီယံ (ဘတ်ငွေ ၉၉.၀၆ ဘီလီယံ) သို့ ၃၀.၅၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
မိုးလေဝသကောင်းမွန်ပြီး ရိတ်သိမ်းမှုပမာဏ သိသိသာသာ တိုးတက်ခဲ့သောကြောင့် အဓိကတင်ပို့သူနှင့် တင်သွင်းသူနိုင်ငံများအားလုံး၏ ထုတ်လုပ်မှု မြင့်တက်လာခြင်းက ဆန်ပို့ကုန် တန်ဖိုးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ ဆန်ပိုလျှံမှုကို ဖြစ်ပေါ်စေပြီး ဈေးနှုန်းများအပေါ် သက်ရောက်၍ ကျဆင်းစေခဲ့သည်။ ထို့အပြင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကဲ့သို့သော အဓိကဝယ်လက်ကြီးများက ၎င်းတို့၏ တင်သွင်းမှုကို နှေးကွေးစေခဲ့ သည့်အတွက် ဝယ်လိုအားသည် ထပ်မံ၍ ကျဆင်းသွားခဲ့ရသည်။
ထိုင်းဘတ်ငွေ အားကောင်းလာမှုကလည်း ဖိအားတစ်ရပ် ပိုမိုဖြစ်ပေါ်စေခဲ့ပြီး ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင် ထိုင်းနိုင်ငံ၏ ဈေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းသွားခဲ့သောကြောင့် ဖြစ်သည်။
ယင်းကဲ့သို့ စိန်ခေါ်မှုများ ရှိသော်လည်း ထိုင်းနိုင်ငံသည် ယခုနှစ်တွင် အရည်အသွေးမြင့် ဆန်အမျိုးအစားများဖြစ်သော စပယ်ဆန်၊ ပေါင်းဆန်၊ ကောက်ညှင်းဆန်နှင့် ဆန်လုံးညိုတို့အား တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ တောင်အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပ ဈေး ကွက်များသို့ တင်ပို့မှုပမာဏ မြှင့်တင်နိုင်ခဲ့သည်။ သို့သော်လည်း ပြင်းထန်သော ဈေးနှုန်းယှဉ်ပြိုင် မှုများကြောင့် ဆန်ဖြူနှင့် ထိုင်းရနံ့မွှေးဆန် တင်ပို့မှုများသည် ကျဆင်းခဲ့သည်။
နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ဂျပန်နှင့် တရုတ်နိုင်ငံ စသော အဓိကစီးပွားဖက် များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းအပါအဝင် ဆန်တင်ပို့မှုကို ရေရှည်တည်တံ့စေရန်နှင့် မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Arada က ပြောကြား ခဲ့သည်။ အစိုးရအချင်းချင်းအကြား သဘောတူညီချက်အရ ကျန်ရှိနေသေးသော တန်ချိန် ၂၈၀,၀၀၀ အတွက် တရုတ်နိုင်ငံ ဆီနှင့် အစားအစာကော်ပိုရေးရှင်း (COFCO)နှင့် ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများမှာ အပြုသဘောဆောင်သော ရလဒ်များ ရရှိထားကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် စတုတ္ထ သုံးလပတ်အတွက် နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် အမှာစာများ ရရှိရန် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ စီစဉ်ထားသည့် အစီအစဉ်များအနက် နိုဝင်ဘာလတွင် ဟောင်ကောင် ဆန်တင်သွင်းသူများ ကိုယ်စားလှယ်အဖွဲ့ကို အိမ်ရှင်အဖြစ်လက်ခံတွေ့ဆုံခြင်း၊ အီရတ်နှင့် ဆော်ဒီအာရေးဗီးယားရှိ ဆန်ဖြူနှင့် ပေါင်းဆန်များ အတွက် ဈေးကွက်သစ်များ ရှာဖွေခြင်းနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးကို အားကောင်း စေရန် စင်္ကာပူနှင့် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခြင်းတို့ ပါဝင်သည်။
ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှုအခွင့်အလမ်းများ တိုးမြှင့်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လက် များ၏ ယုံကြည်မှု ခိုင်မာအားကောင်းရန်အတွက် Foodex Saudi၊ ဂျာမနီနိုင်ငံရှိ Anuga နှင့် China International Import Expo (CIIE) အပါအဝင် အဓိက ကုန်စည်ပြပွဲများတွင် ၎င်းတို့၏ ဆန်များ ကို ပြသသွားမည်ဖြစ်သည်။
Source: The Nation Thailand, September 29, 2025
(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)