ဆင်ဖြူကျွန်းဒေသရှိ တိုင်ထောင်ပဲစိုက်ပျိုးသူများ ပုံမှန်ဝင်ငွေရရှိနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ စလင်းချောင်းအနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင်ကျေးရွာများမှ တောင်သူများ သည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားဖိုဆောင်သုံးကာလတိုသီးနှံဖြစ်သော တိုင်ထောင်ပဲမှာ ဈေးကောင်းရ၍ တောင်သူများပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

         တိုင်ထောင်ပဲစိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့် တစ်ပင်(၁)ပေခွဲအကွာ၊ တစ်တန်းနှင့်တစ်တန်း(၂)ပေခန့်အကွာစိုက်ပျိုးရကြောင်း၊ သို့မှသာလေဝင် လေထွက်ကောင်း၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးပြီးအပင်များ နွယ်တက်လာသောအခါ အပင်ခြေရင်းတွင် ဝါးများဖြင့်တိုင်ထောင်ပေးရကြောင်းသိရသည်။ အပင် သက်တမ်း (၂)လခန့်အကြာတွင်  စတင်ခူးဆွတ်နိုင်ပြီး (၁)ဧကလျှင် ပိဿာချိန်(၃၀)ခန့်ထွက်ရှိ‌ကြောင်း၊ နောက်ပိုင်းပဲသီးအထွက်နှုန်းကောင်းချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန်(၁၅၀)မှ (၂၀၀)ခန့်အထိ ထွက်ရှိကြောင်း၊ (၂)ရက်လျှင်တစ်ကြိမ်ခူးဆွတ်ကြပြီး နှစ်လကြာအထိခူးဆွတ် ရောင်းချရကြောင်းသိရသည်။ ဆင်ဖြူကျွန်းဒေသထွက် တိုင်ထောင်ပဲသီးနှံကို ချောက်၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြပြီး ပေါ်ဦးပေါ်ဖျားအချိန်တွင် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ခန့်အထိ ဈေးကောင်းရရှိကာ နောက်ပိုင်းပဲသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ရရှိကြောင်း၊ ပုံမှန်ဝင်ငွေရရှိကာ စားသုံးသူဈေးကွက်၌ အရောင်းသွက်လျက်ရှိသောကြောင့် ဆင်ဖြူကျွန်းဒေသရှိ တိုင်ထောင်ပဲစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)