ဆန်တင်ပို့မှု မှတ်ပုံတင်ကြေး ကောက်ခံရရှိသည့်ရန်ပုံငွေကို စီမံခန့်ခွဲရန် အိန္ဒိယအစိုးရ စီစဉ်

Powered by Drupal

     ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယဆန်ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖြစ် ပြည်ပသို့ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့ရာတွင် တစ်တန်လျှင် ၈ ရူပီးနှုန်းဖြင့် ကောက်ခံရရှိသည့် မှတ်ပုံတင်ကြေးငွေများအနက်မှ ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်းစီမံခန့်ခွဲရန် လယ်ယာ ထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သို့ အခွင့်အာဏာ အပ်နှင်းမှုနှင့်အတူ ကျန်ရှိသော ရန်ပုံငွေပမာဏအား မည်သို့အသုံးပြုမည်ကို ဆုံးဖြတ်ရန်အတွက် ကော်မတီတစ်ရပ်ကိုလည်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနက ဖွဲ့စည်းခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

          သို့ရာတွင် ထိုသို့စီစဉ်ဆောင်ရွက်မှုသည် များစွာသော ဘာစမာတီဆန် တင်ပို့သူလုပ်ငန်းရှင် များအကြား မကျေနပ်မှုကို ဖြစ်ပေါ်စေလျက်ရှိပြီး အလားတူ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် အဆိုပါရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းအား ၎င်းတို့မှ မည်ကဲ့သို့ အတင်းအကျပ်ထည့်ဝင်စေရသည်ကို မေးခွန်းထုတ်လျက်ရှိကြသည်။

          ဇူလိုင်လ၌ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် ဘာစာမာတီ မဟုတ်သောဆန် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ (Non-Basmati Rice Development Fund  ̶  NBDF) ထူထောင်ခြင်း ကို အတည်ပြုခဲ့သည်။ သတင်းအရင်းအမြစ်များ၏ အဆိုအရ ၎င်းရန်ပုံငွေကို စီမံခန့်ခွဲရန်အတွက် APEDA အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် လုပ်ငန်းနယ်ပယ် ၃ ခု မှ ကိုယ်စားလှယ်များအပါအဝင် အဖွဲ့ဝင် ၈ ဦးပါဝင်သော စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ရန်ပုံ စီမံခန့်ခွဲရန် သီးသန့်နည်းလမ်းများကို မကြာသေးမီက အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံခန့်ခွဲရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ဒီဝါလီပွဲတော်မတိုင်မီ၌ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် လုပ်ငန်းနယ်ပယ်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၌ ပါဝင်မည့်ပုဂ္ဂိုလ်များ ၏ အမည်စာရင်းကို ပေးပို့ရန် အောက်တိုဘာ ပထမပတ်၌ APEDA က တောင်းဆိုထားသည်ဟု အစိုးရ သတင်းအရင်းအမြစ်တစ်ရပ်က ဖော်ပြထားသည်။

          ဘာစမာတီဆန် တင်ပို့သူလုပ်ငန်းရှင်များက မေးခွန်းထုတ်လျက်ရှိသော မှတ်ပုံတင်ကြေး ငွေများအနက်မှ ၃၀ ရာခိုင်နှုန်းကို ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အခကြေးငွေ အဖြစ် NBDF ရန်ပုံငွေသို့ နှစ်စဉ် မေလကုန်၌ ပေးသွင်းရန်မှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ရန် ကျန်ရှိနေဆဲဖြစ်သည်။ ဘာစမာတီဆန် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားတူ ရန်ပုံငွေ ကောက်ခံရာတွင် လက်ရှိပေးသွင်းနေရသော ၅၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန် ၎င်းတို့က APEDA သို့ တောင်းဆိုလျက်ရှိကြသည်။ ဘာစမာတီဆန်တင်ပို့မှု အရောင်းစာချုပ်များ မှတ်ပုံတင်ကြေးကို ဆန်တစ်တန်လျှင် ရူပီး ၃၀ နှုန်း ကောက်ခံရာမှ ရူပီး ၇၀ နှုန်းသို့ မြှင့်တင်ခဲ့ခြင်း အပေါ် ပန်ဂျပ်နှင့် ဟာရီယာနာ ပြည်နယ်များရှိ ဘာစမာတီဆန်တင်ပို့သော ကုန်သည်အသင်းများ က ကန့်ကွက်ခဲ့အပြီးတွင် ယခုကဲ့သို့ တောင်းဆိုချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

          ဆန်တင်ပို့မှုနယ်ပယ်၌ ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးက တူညီသော လုပ်ငန်းရပ်တစ်ခု တည်းအတွက် ဘာစမာတီဆန်နှင့် ဘာစမာတီမဟုတ်သောဆန် နှစ်မျိုးအပေါ် ခွဲခြားဆက်ဆံခြင်း အား တရားဝင်အတည်ပြု လုပ်ဆောင်ရန် သင့်မသင့် မေးခွန်းထုတ်ခဲ့သည်။ အစိုးရအနေဖြင့် ဆန်ပို့ကုန် အရောင်းစာချုပ်များ မှတ်ပုံတင်ကြေးကို လျှော့ချပေးသင့်သည့်အပြင် APEDA သို့ ထည့်ဝင်နေရသည့် ဘာစာမာတီဆန်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ (Basmati Export Development Fund ̶ BEDF) ၌ ပါဝင်ရသော ရာခိုင်နှုန်းကိုလည်း လျှော့ချသင့်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

          NBDF ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့တွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံး ပြည်နယ် ၁၀ ခုမှ ကိုယ်စားလှယ် ၂ ဦးကို အဖွဲ့ဝင်အဖြစ် ၁ နှစ်တာကာလစီ တာဝန်ထမ်းဆောင်စေရန် အစိုးရက ဆုံးဖြတ်ထားသည်။ လမ်းညွှန်ချက် ထုတ်ပြန်ထားရာ၌ ဆန်ထုတ်လုပ်သူ ထိပ်တန်း ၁၀ ဦး အမည် စာရင်းကို ၅ နှစ် တစ်ကြိမ် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အန္တရာပရာ ဒေ့ရှ်ပြည်နယ် Kakinada မြို့အခြေစိုက် ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (TREA)၊ ချတ္တီဂါ ပြည်နယ် Raipur မြို့အခြေစိုက် ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (TREACG) နှင့် အိန္ဒိယ ဆန် ပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ် (IREF) တို့မှ ကိုယ်စားလှယ်တစ်ဦးစီသည် အဆိုပါ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့၌ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်။ APEDA အာဏာပိုင်အဖွဲ့ရှိ ကောက်ပဲသီးနှံဌာန၏ အကြီးအကဲသည် အဖွဲ့၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

           အိန္ဒိယအစိုးရသည် ဆန်တင်ပို့မှု အရောင်းစာချုပ်များ မှတ်ပုံတင်ကြေးကောက်ခံရရှိမှုမှ ၇၀ ရာခိုင်နှုန်းကို ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှုများ၌ အသုံးပြုရန် ပြဋ္ဌာန်းသတ်မှတ် ထားပြီး NBDF ရန်ပုံငွေ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စီမံခန့်ခွဲရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းရပ်များဆောင်ရွက်သော အရာရှိများ၏ လစာပေးချေရာတွင်လည်း သုံးစွဲမည်ဖြစ်သည်။ လမ်းညွှန်ချက်ထုတ်ပြန်ထားရှိမှုအရ လယ်သမားများသို့ ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အထ များ (GAP) နှင့် အော်ဂဲနစ်ထုတ်ကုန်များဆိုင်ရာ သင်တန်းပို့ချခြင်း၊ ဘာစမာတီမဟုတ်သောဆန် ထုတ်လုပ်နိုင်စွမ်းနှင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ ပညာပေးဝန်ဆောင်မှုများ လုပ်ဆောင်ခြင်း၊ ကုန်သွယ်ရေး ကိုယ်စားလှယ်များ စေလွှတ် ခြင်း၊ ပို့ကုန်မြှင့်တင်ရေး အစီအမံများနှင့် ရောင်းသူဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲများ ကျင်းပခြင်းနှင့် စားသုံးသူဆိုင်ရာ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ခြင်းတို့တွင် အဆိုပါ ရန်ပုံငွေများကို သုံးစွဲ မည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, October 8, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)