
ကာဇက်စတန်နိုင်ငံဟာ အလယ်အာရှနဲ့ အရှေ့ဥရောပမှာ တည်ရှိပြီး အာရှနဲ့ဥရောပတိုက် နှစ်ခုစလုံးတွင် ပါဝင်လျက်ရှိပါတယ်။ ကမ္ဘာပေါ်တွင် နဝမမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီး အကြီး ဆုံးကုန်းတွင်း ပိတ်နိုင်ငံတစ်ခုဖြစ်ကာ အနောက်ဥရောပထက်ပင် ဧရိယာပိုမိုကြီးမားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး မြို့တော်အမည်မှာ အက်စ်တာနာဖြစ်ကာ ယခင်မြို့တော်ဖြစ်တဲ့ အာမာတီမြို့မှ ၁၉၉၇ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပါတယ်။ ကာဇက်ဘာသာစကား အသုံးပြုပြီး ရုရှားဘာသာစကားကိုလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲကြကာ ကာဇက်၊ ရုရှား၊ ယူကရိန်း၊ ဂျာမန်၊ ဥဇဘက်၊ တာတာနဲ့ ဝီဂါလူမျိုး တွေနေထိုင်ကြပါတယ်။ ဆိုဗီယက်ယူ နီယံပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး ပထမဆုံး သမ္မတမှာ နူဆူလ်တန် နာဇာဘာယက်ဗ် (Nursultan Nazarbayev) ဖြစ်ပြီး ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိသမ္မတကတော့ ကာဆင်း တိုကာယဲ့ဗ် (Kassym Tokayev)ဖြစ်ပါတယ်။
ကာဇက်စတန်နိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း ၎င်းရဲ့ပထဝီ အနေအထား အရ ကုန်းလမ်းဆက်သွယ်ရေးမှာတော့ အလွန်အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ တရုတ်နိုင်ငံမှ ဥရောပ၊ ရုရှားနဲ့ အလယ်အာရှဒေသတွေကို ကုန်းလမ်း၊ ရထားလမ်းတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့ ဗဟိုချက်တစ်ခုဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ စက်မှုဇုန်တွေနဲ့ ဥရောပရှိစားသုံးသူဈေးကွက်တွေကို ရထားလမ်း၊ ကုန်းလမ်းကွန်ရက်ဖြင့် တိုက်ရိုက်ချိတ်ဆက်ပေးပါတယ်။ ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေထဲမှ တစ်ခုဖြစ်ပြီး ဥရောပနဲ့အာရှရဲ့စွမ်းအင် လုံခြုံ ရေးအတွက် မရှိမဖြစ်အရေးပါတဲ့ပိုက်လိုင်း (Pipelines) တွေ တည်ရှိရာဒေသလည်းဖြစ်တယ်။
မြန်မာနိုင်ငံနဲ့ ကာဇက်စတန်တို့ဟာ ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံစလုံးအတွက် အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ပါ တယ်။ ကာဇက်နိုင်ငံဟာ ယူရေးရှားကုန်းမြေကို ဥရောပနဲ့ချိတ်ဆက်ပေးသလို မြန်မာနိုင်ငံဟာ လည်း တရုတ်၊ အိန္ဒိယနဲ့တောင်အာရှကို အိန္ဒိယသမုဒ္ဒရာဖြင့် ချိတ်ဆက်ပေးပါတယ်။ ချိတ်ဆက် မှုတွေ ပိုမိုခိုင်မာလာပါက အာရှအလယ်ပိုင်းမှ အရှေ့တောင်အာရှသို့ ကုန်စည်များနဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ စီးဆင်းနိုင်တဲ့ ဒေသတွင်းလမ်းကြောင်းသစ်တစ်ခု ပေါ်ပေါက်လာမှာဖြစ်တယ်။
စီးပွားရေးနှင့်ကုန်သွယ်ရေး အခွင့်အလမ်းများ
ကာဇက်စတန်ဟာ ကမ္ဘာပေါ်မှာ ဧရိယာအကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်သော်လည်း သဘာဝသယံဇာတနဲ့ တွင်းထွက်ပစ္စည်းများ အလွန်ကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မြန်မာ နိုင်ငံအတွက် ကာဇက်စတန်မှ တင်သွင်းနိုင်တဲ့ အဓိကပစ္စည်းတွေကတော့ စွမ်းအင်နဲ့ တွင်းထွက် ပစ္စည်းတွေ၊ စိုက်ပျိုးရေးနည်းပညာ အပါအဝင်နည်းပညာတွေဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက် အထူးသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် ဖြည့်ဆည်း ပေးနိုင်တဲ့ အလားအလာတွေ ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း စိုက်ပျိုးရေးနဲ့ သယံဇာတအခြေခံကုန်ပစ္စည်းများ၊ ပင်လယ်ရေ ထွက်ပစ္စည်းများ ကြွယ်ဝတာကြောင့် ကာဇက်စတန်ဈေးကွက် ကိုတင်ပို့နိုင်တဲ့ အဓိကကုန်စည် များစွာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အထည်အလိပ်လုပ်ငန်းဟာလည်း ဈေးနှုန်းသက်သာပြီး အရည် အသွေးရှိတဲ့အတွက် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်ဖြစ်တဲ့ ကာဇက်စတန်ရဲ့ ဈေး ကွက်ကို ထိုးဖောက်နိုင်ပါတယ်။ ကာဇက်စတန်ဟာ သတ္တုတူးဖော်ခြင်းနဲ့ သတ္တုသန့်စင်ခြင်း ကဏ္ဍတွေမှာ နှစ်ပေါင်းများစွာအတွေ့အကြုံနဲ့ ခေတ်မီနည်းပညာတွေပိုင်ဆိုင်ထားတယ်။ မြန်မာ နိုင်ငံအနေနဲ့ ကာဇက်စတန်ရဲ့ သတ္တုတူးဖော်ရေး၊ သန့်စင်ထုတ်လုပ်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ စံနှုန်းများနဲ့ နည်းပညာတွေရယူပြီး တွင်းထွက်ထုတ်လုပ်မှုကဏ္ဍကို ခေတ်မီတိုးတက် အောင် လုပ်ဆောင်နိုင်ပါတယ်။ နှစ်နိုင်ငံအကြားသဘာဝ သယံဇာတပစ္စည်းများ ဖလှယ်ခြင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုကုန်စည်တွေ ကုန်သွယ်ခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ချိတ် ဆက်ခြင်း၊ နည်းပညာနဲ့ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းတို့မှတစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းနိုင်တဲ့ စီးပွားရေးအခွင့်အလမ်းများစွာရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ
ကာဇက်စတန်နိုင်ငံဟာ ၎င်းရဲ့ပထဝီ အနေအထားတည်ရှိမှုနဲ့ အဖိုးတန်တွင်း ထွက်သယံ ဇာတပစ္စည်းတွေ ကြွယ်ဝတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အထူး သဖြင့် စွမ်းအင်လုံခြုံရေးအတွက် အရေးကြီးတဲ့ရေနံနဲ့သဘာဝဓာတ် ငွေ့တင်ပို့ရာ ကနေ နိုင်ငံခြား ဝင်ငွေများရရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ယူရေနီယံနဲ့ အခြားတွင်း ထွက်သယံဇာတတွေကို ပြည်ပနိုင်ငံအများအပြားကို တင်ပို့ရောင်းချလျက်ရှိပါတယ်။ ယူရေနီယံကို ရုရှားနိုင်ငံသို့ တင်ပို့ ရောင်းချပြီးရေနံကိုတော့ တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချကာနိုင်ငံခြား ဝင်ငွေတွေ ရရှိ နေတာလည်းဖြစ်တယ်။ ကာဇက်စတန်နိုင်ငံမှာ ရုရှား၊ တရုတ်တို့အပြင် အမေရိကန် ၊ တောင်ကိုရီး ယား၊ ကာတာ၊ တူကီယဲနဲ့ အနောက်ဥရောပ နိုင်ငံအချို့လည်း ရင်းနှီးမြှုပ်နှံကြတယ်။ Astana International Financial Center (AIFC) ဟာလည်း National Digital Investment Platform ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို ကာဇက်စတန်ရဲ့ ကြီးမားတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး တစ်ခု ဖြစ်တာကိုတွေ့ရှိရတယ်။
AIFC ဟာ ဗဟိုအာရှဒေသရဲ့ အဓိကဘဏ္ဍာရေး စင်တာကြီး တစ်ခုဖြစ်ပြီး ဗဟိုအာရ ှဒေသအပြင် တရုတ်နိုင်ငံအနောက်ပိုင်းဒေသ၊ အရှေ့ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတို့ရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အလွန်အရေးပါလျက်ရှိပါတယ်။ ဒါကြောင့် ကာဇက် စတန်ဟာ ၎င်းရဲ့တွင်းထွက်သယံဇာတများ တင်ပို့ရောင်းချလို့ ရရှိလာတဲ့နိုင်ငံခြားဝင်ငွေများကို ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းများနဲ့ပေါင်းစပ်ကာ နိုင်ငံ၏ အနာဂတ်စီးပွားရေးကို ပုံဖော်နေတဲ့ ဗဟိုအာရှဒေသရဲ့စီးပွားရေးမှာ ဦးဆောင်နေတဲ့နိုင်ငံ လို့ပြောလို့ ရတယ်။
ကာဇက်စတန်ဟာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍစုံကနေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် လမ်းဖွင့်ပေးထားလို့ မြန်မာနိုင်ငံအနေ နဲ့လည်း စီးပွားရေး အရပူးပေါင်း ဆောင်ရွက်လို့ရတဲ့ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ လုံးဝသေချာနေတယ်။ ဒါ့ကြောင့် နိုင်ငံတော် အကြီးအကဲရဲ့ ကာဇက်စတန်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ တဲ့ခရီးစဉ်မှာ မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံကြား စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ စွမ်းအင် ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံပါက နှစ်နိုင်ငံလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ် လို့ ပြောခဲ့တာဖြစ်တယ်။ ကာဇက်စတန်နိုင်ငံကဲ့သို့ မြန်မာမှာလည်း တွင်းထွက် သယံဇာတများစွာ ထွက်ရှိတဲ့အတွက် သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ကာဇက်စတန်နိုင်ငံနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်တယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်အစိုးရတစ်ရပ်အဖြစ် ကူးပြောင်းရန် အကောင်အထည်ဖော်နေတဲ့ မြန်မာအစိုးရအနေနဲ့ ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းများ ရှိနေတာကိုလည်း မြင်တွေ့ရတယ်။
ပထဝီအနေအထားအရ ဗျူဟာမြောက်အချက်အချာကျမှု
ကာဇက်စတန်နိုင်ငံဟာ ဆာဟတ်ဖို့ဒ် မက်ကင်ဒါ၏ “Heart Land Theory” အယူအဆ နယ်မြေတွင် ပါဝင်နေပြီး ယူရေးရှားဒေသ၏ အလယ်ဗဟိုချက်လည်း ဖြစ်ကာ ကမ္ဘာ့အရှေ့ နဲ့ အနောက်ဒေသများအကြား ပေါင်းကူးတံတားသဖွယ်ဖြစ်နေတယ်။ ကာဇက်စတန်နိုင်ငံဟာ ကဏ္ဍပေါင်းစုံနိုင်ငံခြားရေး မူဝါဒကိုထောက်ခံပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ ရုရှား၊ တရုတ် စတဲ့နိုင်ငံတို့နဲ့ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပြဿနာများ အထူးသဖြင့် စွမ်းအင်နဲ့ပတ်သက်တဲ့ အရေးကြီးသော ချိတ်ဆက်မှုတစ်ခု အဖြစ် ရှိနေတယ်။ ခြုံငုံကြည့်လျှင် ကာဇက်စတန်ဟာ အနောက်နိုင်ငံတွေ၊ ရုရှားနဲ့ တရုတ် တို့ရဲ့ အကျိုးစီးပွားတွေအကြား အင်အားချိန်ခွင်လျှာထိန်းသိမ်းရာမှာ ဘက်ပေါင်းစုံ ချိန်ညှိ နေရတဲ့ အခြေအနေမှာရှိနေတယ်။ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ဗဟိုအာရှမူဝါဒကို ပြုပြင်ပြောင်းလဲဖို့ အရေးကြီးတဲ့အချက်ဖြစ်လာတာကြောင့် ကာဇက်စတန်အနေနဲ့ ဘက်စုံသုံး နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိသော်လည်း ၎င်းရဲ့အချုပ်အခြာအာဏာနဲ့ မဟာဗျူ ဟာမြောက် ပထဝီအနေအထားကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် ဝေးကွာလှတဲ့ အမေရိ ကန်၊ ဥရောပသမဂ္ဂတို့ထက် အင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံ(ရုရှား၊ တရုတ်)တို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေလျက်ရှိပါတယ်။
ရရှိလာနိုင်မည့် အခွင့်အလမ်းများ
ကာဇက်စတန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ မြန်မာနိုင်ငံအတွက် ရရှိလာနိုင်တဲ့ အခွင့်အလမ်းတွေရှုမြင်ရမယ်ဆိုလျှင် အခြေအနေအချို့နဲ့ ဆက်စပ်တွေးဆကြည့်ဖို့ လိုပါ မယ်။ အငယ်စား နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရုရှား နိုင်ငံပိုင် ROSATOM ကုမ္ပဏီနဲ့ နီးကပ်စွာပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ မြန်မာအနေနဲ့ ကမ္ဘာ့နံပါတ်တစ် ယူရေနီယံထုတ်လုပ်သူ ကာဇက်စတန်နိုင်ငံရဲ့ မြို့တော် အက်စတာနာမှာ နိုင်ငံ့အကြီးအကဲနှစ်ဦး တွေ့ဆုံခဲ့မှုဟာ မိမိတို့နိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍ အဖြေရှာရေးအတွက် အထောက်အကူဖြစ်ပေးမယ့် အခွင့်အလမ်း တစ်ခုဖြစ်လာနိုင်သလို စီးပွားရေးနဲ့ အခြားနယ်ပယ် အသီးသီးတို့မှာလည်း အခွင့်အလမ်းတွေ ရှိလာနိုင်တယ်။
အထူးအားဖြင့် နျူကလီးယား စွမ်းအင်ကနေ တည်ငြိမ်တဲ့ လျှပ်စစ်ကိုထုတ်လုပ်တဲ့နေရာမှာ အဓိကလောင်စာဖြစ်တဲ့ ယူရေနီယံကြွယ်ဝမှုဟာ အဆိုပါနိုင်ငံမှာရှိတဲ့ အားသာချက်လို့ဆိုရမှာ ဖြစ်ကာ နှစ်နိုင်ငံအကျိုးစီးပွားအပါအဝင် သဘောတူညီမှုတွေကနေ ကာဇက်စတန်နိုင်ငံနဲ့အကြား မိမိတို့နိုင်ငံအနေနဲ့ရယူ တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ရုရှားနဲ့ မြန်မာအကြား အငယ်စား နျူကလီး ယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး ခြေလှမ်းများကိုပါ အထောက်အကူ ဖြစ်ပေးပြီး မြန်ဆန်စေလာနိုင်တယ်။ ဒါ့အပြင် မိမိတို့နိုင်ငံအနေနဲ့ ကာဇက်စတန်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းတွေ ဆက်လက် တည်ဆောက်သွားနိုင်မယ်ဆိုရင် ရုရှားဦးဆောင်တဲ့ ယူရေးရှားစီးပွားရေး ယူနီယန်(Eurasian Economic Union) မှာ တက်ကြွစွာပိုမိုပါဝင်လာနိုင်မယ့် ခြေလှမ်းတွေကနေ နိုင်ငံတကာစိန်ခေါ်မှုတွေကို ခံနိုင်ရည်ပိုမိုရှိလာနိုင်မယ့်အပြင် နှစ်နိုင်ငံအကြားဆက်ဆံရေး အရ လည်း မိတ်ဖက်နိုင်ငံကောင်းတစ်ခုကို ဆက်လက်ရှာဖွေနိုင်မယ့် အနာဂတ်ခြေလှမ်းအတွက်ပါ အကျိုးများလာနိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
Source: ခေတ်လူငယ်
DOCA(ပြည်ထောင်စုနယ်မြေ)